မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ငလျင်ဘေးသင့်ပြည်သူများအတွက် စစ်ကောင်စီက အကူအညီပေးရန် စာရင်းကောက်ယူမှု အကြိမ်ကြိမ်လုပ်ဆောင်နေပြီး ဒေသခံများက အကူညီမရရှိနေသဖြင့် စားဝတ်နေရေးနှင့် ယာယီနေထိုင်ရေးအတွက် အခက်ခဲမျိုးစုံရင်ဆိုင်နေရကြောင်း ပုသိမ်ကြီးမြို့နယ်အတွင်းနေထိုင်သည့် မွန်ငလျင်ဘေးသင့် ဒေသခံတို့ ပြောပြချက်အရ သိရသည်။
ငလျင်ဒဏ်ပြင်းထန်ခံခဲ့ရသည့် မန္တလေးတိုင်းဒေသကြီးရှိ ဒေသခံ၊မြို့ခံအများစုတို့ ငလျင်ငယ်လှုပ်ခတ်မှု ဆက်လက်ဖြစ်ပွားနေသည့်အပြင် အကူညီရရှိမှုမရှိခြင်းကြောင့် မြို့တွင်းရှိ ကွင်းပြင်နေရာတို့အပြင် ဥယျာဉ်ခြံကဲ့သို့ နေရာတို့တွင် နှစ်လနီးပါးကြာသည်အထိ ယာယီနေထိုင်နေရဆဲဖြစ်ကြောင်း သိရသည်။
လူစည်ကားရာနေရာတို့တွင် လူသားချင်းစာနာမှုအကူအညီများ ရရှိနေသော်လည်း မြို့ပြနှင့် ဝေးရာနေတို့တွင် ငလျင်ဘေးအကူအညီတို့ကို ထိန်ချန်ထားပြီး တိုက်ရိုက်လာရောက်ကူညီသည့် လူမှုအဖွဲ့အစည်းမှတစ်ဆင့်သာရရှိကြောင်း ပုသိမ်ကြီးမြို့နယ်နေ မွန်အမျိုးသားတစ်ဦးက ဆိုသည်။

“သူတို့ရဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှုတွေ ကိုယ်တိုင်စာရင်းလာကောက်တယ်၊ ကိုယ်အိမ်တွေက ဘာထိသွားလဲ၊ ဘာတွေပြိုကွဲပျက်စီးသွားတာရှိလဲ၊ သူတို့လာကြည့် စာရင်းလာယူတယ် မှတ်တမ်းပဲတင်နေတယ်။ သူတို့ပြောတာတော့ အလှူအတွက် စာရင်းကောက်တာတဲ့ ဒါမဲ့ အကူအညီတွေတစ်ခါမရဘူး” ဟု ပြောသည်။
ပုသိမ်ကြီး ငလျင်ဒဏ်သင့်ပြည်သူတို့ထံ ပြီးခဲ့သည့် ဧပြီလမှစ၍ စစ်ကောင်စီအုပ်ချုပ်ရေးမှုးအဖွဲ့တို့မှ နှစ်ကြိမ်၊ ပုဂ္ဂလိကအေဂျင်စီနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ နှစ်ကြိမ်စီ ငလျင်ဘေးသင့် အိမ်ထောင်စုလူဦးရေနှင့် ပျက်စီးဆုံးရှုံးမှုအခြေအနေကို လာရောက်စာရင်းကောက်ယူခဲ့သည်ဟု ဒေသခံတို့ဆို
ထို့အပြင် ငလျင်ဘေးကူညီရန်ဟုဆိုကာ လူဦးရေစာရင်းကောက်နေသည့်အပေါ် စစ်မှုထမ်းစာရင်းဝင်သွားမည်ကို စိုရိမ်နေရကြောင်းလည်း အထက်ပါဒေသခံက ဆိုသည်။
ငလျင်ဘေးသင့်သူတို့ ပြန်လည်ထူထောင်ရေးအတွက် အခက်ခဲမျိုးစုံနှင့်ရင်ဆိုင်နေရသည့်အပြင် နေအိမ်ပြိုကျပျက်စီးထားသည့် ရပ်ကွက်တို့အတွင်း လက်နက်ကိုင်ဆောင်သည့် သူခိုးများ သောင်းကျန်းနေပြီး ပြန်လည်နေထိုင်ရန် အဆင်မပြေသေးကြောင်း မြို့ခံတို့က ဆိုသည်။
“မိသားစုအိမ်ခြေ ၄၀ အိမ်လောက်က ခြံတွေမှာ နေနေကြတယ်။ အိမ်တွေမှာ ပြန်နေဖို့က ငလျင်တွေကြောင့် အိမ်က တံခါးတွေ သတင်းပေါက်တွေမရှိနေတော့ သူခိုးတွေ ဓားပြတွေက ည ၁ နာရီ၊ ၂ နာရီဆို အုပ်စုအလိုက် လက်နက်တွေနဲ့ သူတို့သောင်းကြမ်းနေတယ်။ အဲကြောင်း ဥယျာဉ်ခြံမှာနေတာ နည်းနည်းအဆင်ပြေတယ် ” ဥယျာဉ်ခြံဘက်တွင် ရှောင်းနေကြသည့် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့က ပြင်းအားကြီးငလျင်ကြောင့် မန္တလေးမြို့တွင် လူဦးရေပေါင်း ထောင်နှင့်ချီ သေဆုံးရပြီး အိုးအိမ်နှင့် အဆောက်အအုံများစွာ ပျက်စီးဆုံးရှုံးခဲ့ရသည်။ တစ်လကျော်ကြာလာခဲ့သော်လည်း မန္တလေးရှိ ငလျင်ဒဏ်သင့်အဆောက်အအုံများမှာ ပျက်စီးမှုများကို ဖယ်ရှားရေး လုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး၊ ပိတ်မိသေဆုံးသူများ၏ အလောင်းများကိုလည်း ဆက်လက်ရှာဖွေနေဆဲ ဖြစ်သည်။
မန္တလေးမြို့တွင် ယမန်နေ့အတိ နောက်ဆက်တွဲလှုပ်ခတ်နေသည့် ငလျင်နှင့် ရာသီဥတုဒဏ်ကြောင့် ငလျင်ဘေးတိမ်းရှောင်နေသူနှင့် ကူညီကယ်ဆယ်ရေးအဖွဲ့တို့ ထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုထပ်တိုးရှိနေဆဲဖြစ်သည်။