ရေးသူ-လဝီဝမ်၊ အတွေးအမြင်။
သတင်းထောက်တွေမှာ စိတ်ဒဏ်ရာမရှိကြဘူးလားလို့ မေးရင် ရှိတာပေါ့။ ဘာကြောင့်လဲဆိုတော့ သူတို့တွေက လူသားတွေပဲလေ။ တကယ်လို့ တစ်ဦးတစ်ယောက်က မေးလာရင်တော့ ကျနော်တော့ အဲဒီလိုဖြေမှာပါ။
ဒါပေမဲ့ တစ်ချို့သတင်းထောက်တွေက သူတို့ရဲ့ စိတ်ဒဏ်ရာတွေ စိတ်ထဲမှာ သိမ်းထားပြီး အပြင်လူမမြင်အောင် ဟန်ဆောင်ပြီး နေတာရှိသလို တစ်ချို့သတင်းထောက်ကျတော့ ကိုယ်အင်တာဗျူးတဲ့ပုဂ္ဂိုလ်နဲ့အတူ ငိုခဲ့တာမြင်ဖူးပါတယ်။
တစ်ဖက်လူရဲ့ နစ်နာမှုတွေ ငိုယိုမှုတွေ ခံစားရပြီး သတင်းထောက်ကိုယ်တိုင် ငိုခဲ့တဲ့ဟာတွေပေါ့။ ဒါပေမဲ့ ကျနော်ကျတော့ အင်တာဗျုရှေ့မှာ ငိုတာတော့ တစ်ခါမှ မပြဘူး။ စိတ်ခိုင်တဲ့ လူသားတစ်ယောက်လို ဟန်ဆောင်ပြီး တကယ်လက်တွေ့မှာတော့ ကျနော်မှာလည်း စိတ်ဒဏ်ရာအပြည့်နဲ့ပါ။

ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းရွာ လေယာဉ်ဗုံကျဲလို့ ကျောင်းသူ ကျောင်းသားအပါဝင် ကျောင်းဆရာနဲ့ ဆရာမ စုစုပေါင်း ၂၄ ယောက် အသက်ဆုံးရှုံးခဲ့ရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အင်တာဗျူး နှစ်ခု လုပ်ဖြစ်တယ်။
ပထမအင်တာဗျူးပေးသွားတဲ့ တစ်ယောက်ကျတော့ သူက ဓာတ်ပုံဆရာဖြစ်တယ်။ လေယာဉ်ဗုံကျဲပြီးနောက်ပိုင်းမှာ အဲဒီနေရာကို သူရောက်ခဲ့တယ်။ သူရောက်သွားတဲ့အချိန်ကျတော့ လူ ၉ ယောက်ကို အသုဘချဖို့ ပြင်ဆင်နေချိန်ဖြစ်တယ်တဲ့။ သူက ဖြစ်စဉ်တစ်ခုလုံးကို ဒီလောက်နဲ့ပဲ မှီတာတဲ့။
သူရောက်တဲ့အချိန်မှာ ဘုန်းကြီးတွေက အသုဘမချခင် သရဏဂုဏ်တင်နေတာလို့ပြောတယ်။ အလောင်း ၉ လောင်းထဲမှာ ၂ လောင်းကျတော့ ခေါင်းမပါဘူးတဲ့။ သူနဲ့ စကားပြောနေချိန်မှာ စိတ်မကောင်းဖြစ်ရတယ်။
ကျနော်နောက်ထပ်တစ်ယောက်ကို အင်တာဗျူး ပြန်တယ်။ သူကျတော့ ရွာထဲက ကျောင်းတာဝန်ခံတစ်ယောက်ပါ။ လေယာဉ်ဗုံကျဲအပြီး ၁၀ မိနစ်အလွန်မှာ အဲဒီနေရာ သူရောက်လာတယ်။ ကျောင်းရဲ့အမိုးအောက်မှာ ပိနေတဲ့ကလေးအလောင်တွေ အများကြီးထဲက ကျောင်းဆရာမတစ်ယောက်နဲ့ ကျောင်းသူတစ်ယောက် အသက်ရှင်နေတုန်းလို့ ပြောပြတယ်။
ကျောင်းဆရာမမှာတော့ ခြေထောက်တစ်ဖက်တော့ ပြတ်သွားပြီး သွေးတွေ အများကြီးထွက်နေတာမို့ သူက အဲဒီဆရာမကို ကယ်ထုတ်လာပြီး ဟိုကျောင်းသူကလေးကျတော့ သူ့မိဘနဲ့ အခြားကယ်ဆယ်ရေးသမားတွေက ကယ်ထုတ်လာတာလို့ ရှင်းပြတယ်။ ဒါပေမဲ့ နာရီပိုင်းများမကြာခင် ဆေးရုံမှာ ၂ ယောက်စလုံး သေဆုံးသွားရတယ်လို့ ပြောပြတယ်။ အဲဒီလိုပြောတာကြားရတော့ စိတ်ထဲမှာတော့ အရမ်းခံစားရတယ်။
ကျနော်ချောင်းဦးမြို့နယ်ဘက်က နောက်ထပ်အင်တာဗျူးတစ်ခု ချိန်းထားတယ်။ ဒါပေမဲ့ ဒီအင်တာဗျူး ၂ ခုပြီးသွားတော့ စိတ်အရမ်းမကောင်းဖြစ်ရတော့ မိမိစိတ်ထဲမှာ ဘာမှအားအင်တွေ မရှိတော့သလို ခံစားရတယ်။ ဘာမှဆက်မလုပ်ချင်တော့သလိုခံစားရတယ်။ အဓိပ္ပါယ် မရှိတော့သလို ခံစားရတယ်။
ချောင်းဦးဘက်က အသိကို ဖုန်းခေါ်ပြီး ဒီပဲယင်းဘက်က အင်တာဗျူး ၂ ခု အပြီးမှာ ကျနော် ခေါင်းမူးသလို ခံစားရကြောင်း ပြောပြပြီး နောက်နေ့မှ အင်တာဗျူးကြရအောင်လို့ သူ့ကို တောင်းဆိုခဲ့တယ်။
အင်တာဗျုပြီးချိန်ကလည်း ညနေပိုင်း ၆ နာရီအချိန်ဖြစ်တော့ အပြင်ထွက်ကျန်းမာရေးအတွက် လမ်းလျောက်လိုက်တယ်။ စိတ်ထဲမှာတော့ လန်းဆန်းသွားတာမျိုး မရှိတော့ဘူး ။ လေကောင်းလေသန့်ရတဲ့ နေရာတွေဆီ လမ်းလျှောက်တယ်။ အိပ်ရာမဝင်ခင် ဘုရားရှစ်ခိုး တရားခဏထိုင်လိုက်တယ်။ တရားထိုင်နေရင်း စိတ်ထဲမှာပေါ်လာတာက ကျနော်စိတ်ဓာတ်ကျနေလို့ မဖြစ်ဘူး။ မဟုတ်ရင် မိသားစုထိခိုက်မယ်၊ တစ်ဖက်တစ်လမ်းကနေ အမှန်တရားတွေကို ဖော်ထုတ်ပေးနေတဲ့ စစ်အာဏာရှင်တော်လှန်ရေးအတွက်ကလည်း ကျရူံးလို့ မရဘူး။ အမှန်တရားအတွက် ပြည်သူတွေ သိသင့်သိထိုက်တဲ့ သတင်းအချက်အလက်တွေ ဆက်စုံစမ်းဖို့ ကျနော်မှာ တာဝန်ရှိတယ်။ ဒီလိုတွေးရင်းနဲ့ နောက်တစ်နေ့ အလုပ်တစ်ခုအတွက် အားအင်တွေ ဖြစ်လာပြန်တယ်။ ဒါက သတင်းထောက်တွေရဲ့ နေ့စဉ်ဖြတ်သန်းနေရတဲ့ လက်ရှိတော်လှန်ရေးကာလဖြစ်ပါတယ်။
ဝမ်းသာပီတိဖြစ်စရာ သတင်းကလည်းရှား၊ ဝမ်းနည်းဖြစ်စရာ သတင်းတွေပဲ ဆက်တိုက်ရေးနေရတဲ့ သတင်းထောက်တွေက တစ်ချို့ဆိုရင် အရက်သောက်မိရင်း အရက်စွဲသွားတဲ့ သတင်းထောက်တွေ အများကြီးပါ။
ရှေ့တန်းသွားနေတဲ့ သတင်းထောက်တွေ မကြောက်ကြဘူးလား တစ်ချို့တွေ မေးတာရှိတယ်။ ရှမ်းမြောက် ၂၀၁၇ မှာ ကျနော်အဖမ်းမခံရခင် တစ်နေ့အလိုမှာ ကျနော်ရှေ့တန်း ရောက်သွားတယ်။ တအာင်းတပ်မတော်နဲ့ မင်းအောင်လှိုင်တပ် တစ်နေကုန်တိုက်နေတဲ့ တိုက်ပွဲဖြစ်တယ်။ တအာင်းတပ်မတော်ဆီက ဗိုလ်မှူးရော်ဘတ်နဲ့ ကျနော်နည်းနည်းခင်တော့ တိုက်ပွဲဖြစ်တဲ့နေရာကို ကျနော်သွားချင်တယ်လို့ သူ့ကိုပြောလိုက်တော့ ဆိုင်ကယ်တစ်စီးပေါ်မှာ ကျနော်ကို တက်ခိုင်းပြီး သူ့ရဲဘော်တစ်ယောက်ကို မောင်းခိုင်းတော့တယ်။ ကျနော်ရောက်တဲ့အချိန်မှာ တစ်ဖက်နဲ့ တစ်ဖက် ပစ်နေတုန်းပါ။
တအာင်းတပ်ဘက်က စည်း ၃ စည်းလို လုပ်ထားပြီး ကျနော်ကို နောက်ဆုံးစည်းမှာ ထားထာတယ်။ နောက်ဆုံးစည်းဆိုတာ ရှေ့စည်းက ရဲဘော်တွေ လိုအပ်ရင် ထပ်ပို့တဲ့စည်းလို့ ကျနော်နားလည်းတယ်။ ရှေ့စည်းကျတော့ ရန်သူနဲ့ ထိပ်တိုက်တိုက်နေတဲ့အဖွဲ့လို့ နားလည်းတယ်။
လက်နက်ကြီးက တစ်ခါတစ်လေကျနေတော့ စိတ်မှာတော့ အရမ်းတုန်လှုပ်ရတယ်။ ကျနော်ဒူးနှစ်ဖက်တောင် တုန်ခါလာတယ်။ အဲဒါ ကျနော်ဘေးနားမှာ ရှိနေတဲ့ ရဲဘော်တစ်ယောက်မမြင်ရအောင် အဝတ်နဲ့ ပတ်ပြီး တစ်ဖက်နဲ့တစ်ဖက်ပစ်နေကြတဲ့ဟာ ကြည့်နေတယ်။ စစ်ကောင်စီဘက်က သေနေတဲ့အလောင်းနှစ်လောင်းတော့ တွေ့တယ်။ ကြောက်ပေမဲ့ သတင်းထောက်ရဲ့သဘာဝ ဘယ်နေရာ ပစ်ထားခံရလဲ သေသေချာချာကြည့်လိုက်တယ်။
မြန်မာစစ်တပ်ဘက်က ပစ်လိုက်တဲ့ ကျဉ်ဆံ တအာင်းရဲဘော်တစ်ယောက်က လက်မောင်းကနေ ဖောက်ထွက်သွားတော့ သွေးတွေ အများကြီးထွက်နေတာကို ဓာတ်ပုံရိုက်တယ်။ လက်မောင်းထိသွားတဲ့ ရဲဘော်က ဘာပြောလဲဆိုတော့ ကျနော်သာမထိလိုက်ရင် ဟိုကောင်သေမှာတဲ့။ ကျနော်တို့အနီးကပ်ပဲ ပစ်ကြတာတဲ့။ သူ့လက်မောင်းမှာ ဆေးတစ်လုံးထိုးပေးတော့ သူငြိမ်းပြီး အနားယူလိုက်တယ်။
သေနေတဲ့ အလောင်းတွေမြင်ထားတော့ စိတ်ထဲက မထွက်ဘူးဖြစ်နေတာ။ အိမ်ရောက် ညအိပ်တာတောင် အဲဒီအလောင်းတွေပဲ မြင်နေသလို ခံစားရတယ်။ ဒါက သတင်းထောက်တွေရဲ့ စိတ်ဒဏ်ရာတွေပါ။ သတင်းထောက်တွေက ကြောက်စိတ်ရှိပါတယ်။ ဒါပေမဲ့ ကိုယ့်အလုပ် ပီပီသသဖြစ်အောင် လုပ်ကြတာများပါတယ်။
ဒီကနေ့ နိုင်ငံအနှံ့မှာ စစ်ဖြစ်နေကြတယ်။ အရပ်သားတွေ မကြာခဏဆိုသလို လေယာဉ်ဗုံကျဲခံရတာ၊ လက်နက်ကြီးတွေ ထိလို့ သေသွားတာ စတဲ့ဖြစ်စဉ်တွေ အများကြီးပါ။ စစ်တပ်နိုင်ငံတော်အာဏာသိမ်းပြီးကတည်းကပဲ။
ဒီကနေ့ တစ်ချို့သတင်းထောက်တွေဆိုရင် စစ်ဖြစ်ရာဒေသမှာပဲ ဆက်ပြီး နေနေကြတယ်။ နိုင်ငံခြားမှာ အခြေချနေနေတာထက် ကိုယ့်ပြည်တွင်းထဲက ဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို သတင်းယူ ဓာတ်ပုံတွေ ရိုက်ပြီးတော့ ပြည်သူနဲ့ နိုင်ငံတကာသိအောင် လုပ်နေကြတယ်။ ရဲစွမ်းသတ္တိနဲ့ ကိုယ့်အလုပ်ကိုယ်လုပ်နေကြတဲ့ သတင်းထောက်ကောင်းတွေပါ။
သူတို့မှာ ငွေကြေးတစ်ခုတည်းရဖို့လည်း မဟုတ်သလို မကြောက်တာလည်း မဟုတ်ပါဘူး။ ကြောက်ကြောက်လန့်လန့်ကြားက စိတ်ဒဏ်ရာတွေ ကိုယ်စီနဲ့ လုပ်နေကြတဲ့ သတင်းထောက်တွေဖြစ်ကြောင်း ဒီလောက်နဲ့ပဲ နိဂုံးချုပ်ပါရစေ။