စစ်ကောင်စီသည် အပစ်ရပ်ရေး ထုတ်ပြန်ချက်များကို ချိုးဖောက်ပြီး အရပ်သားပြည်သူ အများအပြားကို ပစ်မှတ်ထားတိုက်ခိုက်ကာ အစုလိုက်အပြုံလိုက် သေဆုံးစေသော ရာဇဝတ်မှုများကို ဆက်တိုက်ကျူးလွန်နေခြင်းကြောင့် အရေးယူပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က တောင်းဆိုလိုက်သည်။

လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှုများကို ဆက်တိုက်ကျူးလွန်လျက်ရှိသည့် စစ်ကောင်စီကို ကုလသမဂ္ဂနှင့် အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက တားဆီး၊ အရေးယူဆောင်ရွက်ရန် NLD က မေလ ၁၅ ရက်နေ့က ကြေညာချက်ထုတ် တောင်းဆိုလိုက်ခြင်းဖြစ်သည်။
ငလျင်ကြောင့် ဧပြီ ၂ ရက်နေ့မှစတင်ပြီး အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့သည့် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ၊ မီးရှို့ဖျက်ဆီးမှုများ၊ အကျဉ်းထောင်တွင်း နိုင်ငံရေးအကျဉ်းသားများအား ညှဉ်းပမ်းနှိပ်စက်မှုများကို ဆက်တိုက်ကျူးလွန်လျက်ရှိသည်ဟု NLD က ဆိုသည်။
လူ့အခွင့်အရေးကောက်ယူရေးအဖွဲ့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (HRDT-NLD) မှ ကောက်ယူရရှိထားသည့် စာရင်းများအရ အပစ်ရပ်ကာလ ဧပြီ ၃ ရက်နေ့မှ မေလ ၁၃ ရက်အထိ တိုင်းနှင့်ပြည်နယ် ၁၁ ခုတွင် လေကြောင်းတိုက်ခိုက်မှု ၁၈၁ ကြိမ် ပြုလုပ်ခဲ့သည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၈၂ ဦးရှိပြီး ၎င်းထဲတွင် အသက် ၁၈ နှစ်အောက် ၃၄ ဦးပါဝင်ကြောင်း၊ ဒဏ်ရာရသူ ၂၉၈ ဦးအနက် အသက် ၁၈ နှစ်အောက် ၇၆ ဦး ပါဝင်သည်ဟုလည်း ထုတ်ပြန်ထားသည်။
ငလျင်ဘေးသင့်ဒေသများဖြစ်သော မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့မှာ လေကြောင်း တိုက်ခိုက်ခံရမှု အများဆုံးဖြစ်ပြီး မေလ ၁၂ ရက်နေ့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်း အနောက်ခြမ်း အိုးထိန်းရွာ စာသင်ကျောင်း တိုက်ခိုက်ခံရမှုတွင် ဆရာမ ၂ ဦးနှင့် ကျောင်းသား၊ ကျောင်းသူ ၂၂ ဦး သေဆုံးခဲ့သည့်ဖြစ်စဉ်သည် အဆိုးဆုံးဖြစ်သည်ဟု ဆိုသည်။
အလားတူ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ထွန်းရဝေကျေးရွာဟောင်း ပေါင် ၅၀၀ ဗုံးဖြင့် တိုက်ခိုက်ခံရခြင်းကြောင့် ဒေသခံ ၁၃ ဦး သေဆုံးခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တိုင်းနှင့် ပြည်နယ် ၅ ခုကို လက်နက်ကြီးနှင့် ပစ်ခတ်တိုက်ခိုက်မှုအကြိမ်ပေါင်း ၁၅ ကြိမ်တွင် သေဆုံးသူ ၁၄ ဦး၊ ဒဏ်ရာရသူ ၄၃ ဦးရှိရာ ၁၈ နှစ်အောက် ကလေးသူငယ် ၈ ဦး ပါဝင်သည်ဟု ဆိုသည်။
ကျေးရွာအတွင်း ဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းက ပြည်သူတို့၏ အိုးအိမ်ပိုင်ဆိုင်မှုများကို မီးရှို့ဖျက်ဆီးခြင်း၊ အကြမ်းဖက်သတ်ဖြတ်ခြင်းများကြောင့် သေဆုံးပြည်သူ ၁၆၉ ဦးရှိရာ အသက် ၇ လသား ကလေးငယ်အပါအဝင် ၁၈ နှစ်အောက် သေဆုံးသူ ၃၆ ဦးရှိခဲ့သည်။
စစ်ကောင်စီတပ်က ၅ ဦးနှင့်အထက် အစုလိုက် အပြုံလိုက်သတ်ဖြတ်မှု ၈ ကြိမ် ကျူးလွန်ခဲ့ပြီး မေလ ၁၂ ရက်နေ့က မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ လယ်မရွာသို့ စစ်ကောင်စီတပ်သားများ ဝင်ရောက်စီးနင်းပြီး ရွာသား ၁၁ ဦးကို ပစ်သတ်၍ ၈ ဦးကိုဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဖော်ပြထားသည်။
ငလျင်ဘေးသင့်ဒေသတစ်ခုဖြစ်ခဲ့သည့် မန္တလေးတိုင်းရှိ အိုးဘိုအကျဉ်းထောင်မှာ အိပ်ဆောင်များ၊ အလုပ်ရုံနှင့် ထောင်တွင်းဆေးရုံများ ထိခိုက်ပျက်စီးခဲ့ပြီး အကျဉ်းသားအကျဉ်းသူ ၆၄ ဦး သေဆုံးခဲ့ပြီး ၎င်းထဲတွင် နိုင်ငံရေးအကျဉ်းသား ၁၂ ဦး ပါဝင်သည်ဟုလည်း ပြောဆိုထားသည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် စစ်ကောင်စီတပ်သည် အပစ်ရပ်ရေး ထုတ်ပြန်ချက်များကို ချိုးဖောက်ပြီး လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှု နှင့် စစ်ရာဇဝတ်မှုများကို ဆက်တိုက်ကျူးလွန်လျက်ရှိခြင်းကြောင့် ကုလသမဂ္ဂနှင့် အာဆီယံအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက တားဆီး၊ အရေးယူဆောင်ရွက်ပေးရန် NLD က ထုတ်ပြန်တောင်းဆိုခဲ့ခြင်းဖြစ်သည်။