စစ်ကောင်စီ၏ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ) တည်ရှိရာ လားရှိုးမြို့မှ ကိုးကန့်တပ်ဖွဲ့ (MNDAA) က ဆုတ်ခွာရန် ပြင်ဆင်နေကြောင်း သိရသည်။
ညီနောင်မဟာမိတ် ၃ ဖွဲ့က ဖော်ဆောင်သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းပိုက်ရရှိထားသည့် လားရှိုးမြို့ကို တရုတ်ဖိအားကြောင့် MNDAA က စစ်ကောင်စီထံ လွှဲပြောင်းပေးမည့်အခြေအနေ ရှိနေသည်။
လားရှိုးမြို့ကို စစ်ကောင်စီ ပြန်လည်ရရှိသွားပါက တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) အပေါ် သက်ရောက်မှု ရှိလာနိုင်သည်ဆိုပြီး သုံးသပ်မှုများလည်း ရှိနေသည်။
လားရှိုးမြို့ကို စစ်ကောင်စီ ရရှိသွားပါက စစ်လက်နက်ရိက္ခာများ ဖြည့်ဆည်းလာမည် ဖြစ်ပြီး TNLA သိမ်းပိုက်ထားသည့် မြို့နယ်များကို ဗုံးကြဲလာနိုင်ကြောင်း နိုင်ငံရေး သုံးသပ်သူ တစ်ဦးက ပြောသည်။

“အကယ်၍သာ အဲဒီလိုမြို့ပေါ် ၁၂ ရပ်ကွက်ကိုပဲ ပေးတာကို လက်ခံလိုက်ရင် သူတို့ လေယာဉ်ကွင်း ရသွားပြီလေ။ လေယာဉ်နဲ့ ရိက္ခာတွေ ဖြည့်လို့ရပြီ၊ လက်နက်ခဲယမ်းတွေ၊ လူတွေ ဖြည့်လို့ရတယ်။ အဲတော့ လားရှိုးကနေ အခြေချပြီဆိုရင် သီပေါနဲ့ ကျောက်မဲ၊ နောင်ချို မလွယ်တော့ဘူး။ သူ တိုက်တော့မှာလေ။ အဲဒီလိုပဲ ကျောက်မဲနယ်ဘက်ကို ကြည့်တော့မယ်ဆိုရင် ကျောက်မဲနယ်ကနေပြီးတော့ မိုင်းငေါတို့၊ နမ့်ဆန်တို့၊ ပလောင်ဒေသတွေ၊ မန်တုံတို့၊ နမ္မတူတို့ သွားရင်းနဲ့ တိုက်သွားလို့ ရပြီလေ။ လေယာဉ်ပျံနဲ့ ဗုံးကြဲမယ်၊ လားရှိုးကနေပြီးတော့ လေယာဉ်နဲ့ တက်လိုက်၊ ဆင်းလိုက်၊ ဗုံးကြဲလိုက် ဒီလိုဆိုရင် ပိုတောင်မှ သူက ကြိုက်အုံးမယ်” ဟု ပြောသည်။
အလားတူ ရှမ်းမြောက်ရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ တော်လှန်ရေးအင်အားစုများအပေါ် သက်ရောက်မှု များလာနိုင်ကြောင်းလည်း သုံးသပ်ကြသည်။
လားရှိုးမြို့သည် ရှမ်းမြောက်တခွင်လုံးကို အုပ်ချုပ်ရန် အရေးကြီးသည့် မြို့ဖြစ်သလို စစ်ကောင်စီပြန်ရပါက အရင်ဆုံး TNLA အပေါ် ထိခိုက်မှု ရှိလာမှာဖြစ်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးကြီးမြင့်က ပြောသည်။
“လားရှိုးက စစ်တပ်မဟာဗျူဟာအရ အဲဒီနေရာက မြန်မာတပြည်လုံး စစ်တိုင်းတွေမှာ တတိယအရေးကြီးဆုံးလေ။ ပထမအရေးကြီးဆုံးက မန္တလေးပေါ့။ ဒုတိယကတော့ ရန်ကုန်ပေါ့။ နေပြည်တော်တောင် ဒီလောက်မဟုတ်ဘူး။ စစ်တိုင်းထဲမှာ တတိယအရေးကြီးဆုံးနဲ့ အင်အားအကောင်းဆုံးတိုင်းလို့ သူတို့ သတ်မှတ်ထားတာလေ ရှမ်းပြည်တခွင်လုံး အုပ်ချုပ်ဖို့ဆို။ အဲဒါကြောင့်မို့လို့ လားရှိုးကို ပြန်ပေးရတယ်ဆိုတော့ အကြီးအကျယ် ထိခိုက်နစ်နာမှာ သေချာတယ်” ဟု ပြောသည်။
MNDAA အနေဖြင့် ဧပြီ ၂၁ ရက်နေ့တွင် အပြီး ဆုတ်ခွာရမည်ဖြစ်ပြီး လားရှိုးမြို့ကို စစ်ကောင်စီက အုပ်ချုပ်ကာ မြို့ပြင်ကျေးရွာများကို MNDAA က ဆက်လက်ထိန်းချုပ်ထားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် TNLA ထိန်းချုပ်ထားသော နောင်ချို၊ မိုးကုတ်၊ သီပေါ၊ ကျောက်မဲတို့ကို စစ်ကောင်စီက မကြာခဏဆိုသလို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိနေသည်။