ငလျင်ဘေးသင့်ဒေသသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးဆောင်ရန် ရန်ကုန်အပါအဝင် အနယ်အရပ်ရပ်မှ လာရောက်သည့် ငလျင်ဘေး ကူညီရေးအဖွဲ့အချို့ တားဆီးကန့်သတ်ခံနေရကြောင်း ငလျင်ဘေးကူညီလှူဒါန်းရေး လုပ်ဆောင်နေသူတို့မှ သိရသည်။
အထူးသဖြင့် မြို့နယ်ထောက်ခံစာ၊ ကူညီလှူဒါန်းမည့် ပစ္စည်းစာရင်းအပြင် စစ်ကောင်စီ ကူညီကယ်ဆယ်ရေးအဖွဲ့တို့နှင့် ချိတ်ဆက်ပူးပေါင်းမှု၊ သတင်းပေးပို့မှု မရှိသည့် အလှူရှင်အဖွဲ့များကို စစ်ကိုင်းမြို့အဝင်အထွက်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်မှ ဖြတ်သန်းခွင့်မပြုဘဲ လှည့်ပြန်နေရကြောင်း မွန်ပြည်နယ်မှ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတို့က ဆိုသည်။

“မန္တလေးကနေ စစ်ကိုင်းမြို့ကိုဝင်တာနဲ့ ဒီဘက်တံတားအစနဲ့ ဟိုဘက်တံတားအဆုံးမှာ အဲနှစ်နေရာမှာ တင်းကြပ်ထားတယ်၊ ကျွန်တော်တို့ သွားတဲ့နေ့က ရန်ကုန်ဘက်က လာတဲ့အဖွဲ့တွေ၊ အဝေးကလာတဲ့အဖွဲ့တွေ ထောက်ခံစာလဲမပါလို့ ကားတွေအများကြီး လှည့်ပြန်ခိုင်းနေတာ၊သွားမယ်ဆိုရင် ကယ်ဆယ်ရေးအတွက်ပေးမယ့် ပစ္စည်းတွေ စာရင်းဇယားနဲ့သွားမှ အဆင်ပြေမယ်" ဟု သွားရောက်ကူညီခဲ့သည့် အမျိုးသားတစ်ဦးက ပြောသည်။
တားဆီးကန့်သတ်ခံရသည့် အလှူရှင်အဖွဲ့တို့သည် ငလျင်ဘေးသင့်နေရာသို့တို့ မရောက်ရှိခဲ့ကြောင်းနှင့် ပါလာသည့် ရေ၊ ဆန်၊ ဆီ၊ ဆား၊ ကုန်ခြောက်နှင့် အခြားကူညီကယ်ဆယ်ရေးပစ္စည်းတို့ကိုလည်း လက်မခံကြောင်း ဆက်ပြောသည်။
ငလျင်ဘေးကူညီမည့် မည်သည့်အဖွဲ့မဆို သီးခြားလွတ်လပ်စွာရပ်တည်ဆောင်ရွက်ခွင့်မရှိဘဲ ကြိုတင်ခွင့်ပြုချက် တောင်းခံရမည်ဟု စစ်ကောင်စီ ဒုတိယဗိုလ်ချုပ်မှုးကြီး စိုးဝင်းက ပြီးခဲ့သည့် ဧပြီလ ၅ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားထားသည်။
ထို့အပြင် စစ်ကောင်စီ တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်တို့အနေဖြင့်လည်း သက်ဆိုင်ရာ နယ်မြေအတွင်းသို့ ရောက်ရှိလာသည့် ကူညီကယ်ရေးအဖွဲ့များ၊ NGO (အစိုးရမဟုတ်သည့် အဖွဲ့အစည်း)များကို စစ်ကောင်စီ ကူညီကယ်ဆယ်ရေးအဖွဲ့တို့နှင့် အတူတကွ ပူးပေါင်းဆောင်ရွက်မှသာ ခွင့်ပြုသွားရန်လည်း ညွှန်ကြားထားသည်။
လက်ရှိ ငလျင်ဘေးဒဏ်သင့် ဒေသအချို့မှ ပြည်သူတို့ လူသားချင်းစာနာထောက်ထားမှု အကူအညီ များစွာလိုအပ်နေချိန်တွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို မကန့်သတ်သင့်ကြောင်း စစ်ကိုင်းသို့ ငလျင်ဘေးကူညီလှူဒါန်းမှု ပြုရန် ပြင်ဆင်နေသူတစ်ဦးက ပြောသည်။
“စစ်ကိုင်းဘက်က အလှူရှင်နည်းနေတယ်၊ တော်တော်များများက မန္တလေးကိုပဲ လှူကြတာများတယ်၊ အဲ့ကြောင့် စစ်ကိုင်းမြို့ဘက်ကလဲ ဒီလိုမကန့်သတ်ထားတယ် အလှူရှင်ကို ဖြတ်သန်းခွင့်မပေးဘူး ပြန်လှည့်ခိုင်းနေရင် သူများမသွားရဲတော့ဘူးပေါ့ နဂိုးကတည်းက သူများသွားနေတာလေ မန္တလေးဆို ကျွန်တို့သွားတုန်းက အေးအေးဆေးဆေးပဲ သွားကြတာ”ဟု ဆိုသည်။
ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့တွင် ငလျင်ဘေးသင့် ပြည်သူတို့အတွက် ထောက်ပံ့ရေးပစ္စည်းတင်ဆောင်လာသည့် တရုတ်ကြက်ခြေနီအသင်းမှ ယာဉ်တန်းကို နောင်ချိုမြို့နယ်၊ အုမ္မတီကျေးရွာတွင် စစ်ကောင်စီတပ်မှ ပစ်ခတ်မှု လုပ်ဆောင်ခဲ့သေးကြောင်း သိရသည်။
တစ်နယ်တစ်ကျေးမှ အလှုရှင်အဖွဲတို့ကို ကန့်သတ်ခြင်းအပြင် ဒေသတွင်း ကယ်ဆယ်ရေးအဖွဲ့အချို့လည်း ငလျင်ဒဏ်သင့် နေရာတို့ကို သွားရောက်ရာတွင် လမ်းခရီးအတွင်း လက်နက်ကိုင်အဖွဲ့အစည်းအချို့၏ တားဆီးခံရမှုတို့ ရှိနေသည်။
လက်ရှိတွင် ငလျင်ဒဏ်သင့်ဒေသများသို့ မွန်ပြည်နယ်၊ ကရင်ပြည်နယ် အပါဝင် တခြားသောမြို့နယ်များ တိုင်းဒေသကြီးများလည်း လူမှုကယ်ဆယ်ရေးအဖွဲ့နှင့် ပရဟိတအဖွဲ့တို့မှ ကူညီကယ်ဆယ်ရေးလုပ်များ သွားရောက်လုပ်ဆောင်နေဆဲဖြစ်သည်။
UNOCHA Myanmar မှ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်ပေါင်း ၆၀ နီးပါးတွင် နေထိုင်သည့်လူဦးရေ ၁၇ သန်းတို့ ငလျင်ဒဏ် ထိခိုက်ခံစားမှုရှိနိုင်ကြောင်းနှင့် ထိခိုက်မှု အပြင်းထန်ဆုံးဖြစ်သည့် ဒေသတွင် လျှပ်စစ်မီး၊ သန့်ရှင်းသည့် သောက်သုံးရေး၊ စားနပ်ရိက္ခာနှင့် ကျန်းမာရေးစောင့်ရှောက်မှုတို့ မရရှိနေကြောင်း ဧပြီ ၅ ရက်နေ့က ထုတ်ပြန်ကြေညာထားသည်။