စစ်ကောင်စီက ထားဝယ်စီမံကိန်းကို အမြန်ဆုံးပြန်လည်စတင်နိုင်ရန် နယ်မြေရှင်းလင်းရေးအပါအဝင် စီမံကိန်းဧရိယာအနီးရှိ ကျေးရွာများဘက်သို့ အင်အားရာနှင့်ချီဖြင့် စစ်ကြောင်းထိုး စတင်ဝင်ရောက်လာနေ သည်ဟု ဒေသခံတို့ထံမှ သိရသည်။
လက်ရှိတွင် ထားဝယ်စီမံကိန်းဧရိယာအနီးရှိ နဘုလည်၊ ပရဒတ်ရွာ၊ မယင်းကြီးရွာ၊ ဘဝါရွာနှင့် ဇာဒီရွာ စသည့်ကျေးရွာများဘက်သို့ အင်အားရာနှင့်ချီသည့် စစ်ကောင်စီတပ်တို့က ကုန်ကြောင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်နေသည့်အပြင် ရေကြောင်းဖြင့် တိုက်ခိုက်နိုင်ရန်လည်း အသင့်ပြင်ဆင်ထားကြောင်း ဆိုသည်။

ထိုစစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် နဘုလည်အနီးတစ်ဝိုက်တွင် လှုပ်ရှားနေသည့် တော်လှန်ရေးပူးပေါင်းတပ်တို့က မတ်လ ၂၄ ရက်နေ့ နေလယ်ပိုင်းအချိန်ခန့်က နဘုလည်ခြေတော်ဘုရားအနီးတွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
“သူတို့အစည်းဝေးလုပ်ပြီးနောက်ပိုင်း မတ်လ ၁၇ ရက်နေ့ကစပြီး စစ်ကြောင်းတွေက စထိုးလာတယ်။ အဲကြောင့် အဲဘက်က တော်လှန်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲကတော့ ဖြစ်နေတယ်။ ရေကြောင်းကနေ လက်နက်ပို့တာ၊ အင်အားပို့တာလည်း လုပ်လာတယ်” ဟု ထားဝယ်ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီသတင်းဖော်ပြချက်အရ ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့က တနင်္သာရီတိုင်းအစိုးရရုံးတွင် ကျင်းပခဲ့သည့် အစည်းအဝေးတွင် တိုင်းဝန်ကြီးချူပ် ဦးမြတ်ကိုက ထားဝယ်စီမံကိန်းအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်သွားရန် လက်အောက်ခံအဖွဲ့တို့ကို ညွှန့်ကြားထားသည်။
အလားတူး မတ်လ ၁၁ ရက်နေ့တွင်ပင် နေပြည်တော်၌ ကျင်းပခဲ့သည့် အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှု ကော်မတီအစည်းအဝေးတွင်လည်း စီးပွားရေးအကောင်အထည်ဖော်ရန် ကြိုတင်ပြင်ဆင်မှုများ ပြင်ဆင်ထားကြရန် ဒု-စစ်ခေါင်းဆောင် စိုးဝင်းက လက်အောက်ခံအဖွဲ့တို့ကို မှာကြားခဲ့သေးသည်။
“ဒီဒေသအတွင်းမှာတော့ ပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်ကိုဖြစ်လာမယ်ဆိုတာကို ကျနော်တို့ အတတ်ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိ သူတို့အကောင်အထည်ဖော်သွားမဲ့ ရေဖြူမြို့နယ်၊ နဘုလည်ဒေသဟာ တော်လှန်ရေးအင်အားစုတွေရဲ့ ထိန်းချုပ်မှုဧရိယာက ပိုပြီးတော့ ကျယ်ဝန်းတယ်။ သူတို့ အကောင်အထည်ဖော်တာ သေချာသွားပြီးဆိုရင် အဲဒေသကို သူတို့နယ်မြေရှင်းလင်းမှုတွေ အများကြီးလုပ်မှာပဲ ဖြစ်တယ်။ သူတို့ရဲ့လုပ်ငန်းတွေ၊ ထိခိုက်နစ်နာတွေကို ကာကွယ်ဖို့အတွက် အဲဒီဒေသမှာရှိတဲ့ ကျေးရွာတွေ၊ လက်နက်ကိုင်တော်လှန်ရေးတပ်တွေ ရှိတဲ့နေရာတွေ၊ အဲဧရိယာတစ်လျှောက်က နယ်မြေဒေသတွေကို သူတို့အများကြီး နယ်မြေရှင်လင်းမှုတွေ လုပ်သွားမယ်ဆိုတာက လုံးဝကို သေချာနေပါပြီ” ဟု တနင်္သာရီဒေသအခြေစိုက် အရပ်ဖက်အဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထားဝယ်စီမံကိန်းကို ပူးပေါင်းအကောင်အထည်ဖော်ရန် ရုရှားနိုင်ငံနှင့် သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။
အဆိုပါစီမံကိန်းထဲတွင် ညမ်းညစ်စက်ရုံများစွာ ပါဝင်နေသည့်အပြင် ဒေသခံပြည်သူများက လူ့အခွင့်အရေးချိုးဖောက်မှုများ မလွှဲဧကန် ရင်ဆိုင်ကြုံတွေ့လာနိုင်သည့် အခြေအနေရှိနေသည့်အတွက် စီမံကိန်းအကောင်အထည်ဖော်ခြင်းကို လက်မခံကြောင်း တနင်္သာရီဒေသအခြေစိုက် အရပ်ဖက်အဖွဲ့အစည်းနှင့် တော်လှန်ရေးအင်အားစုတို့က မတ်လ ၁၀ ရက်နေ့က ပူးတွဲထုတ်ပြန်ထားသည်။