နှစ်စဉ် ပုံမှန်သင်ကြားလာသည့် နွေရာသီမွန်စာပေသင်တန်းကို စိတ်ဝင်စားသူနည်းပါးနေပြီး မွန်စာပေလေ့လာသင်ယူသည့် လူငယ်တို့ တစ်နှစ်ထက်တစ်နှစ်၊ ပိုမိုနည်းပါးလာသည်ဟု မွန်စာပေအရေးလှုပ်ရှားနေသည့် သံဃာတော်နှင့် စေတနာ့ဝန်ထမ်း ကျောင်းဆရာ/ဆရာမများထံမှ သိရသည်။
မြို့ပေါ်အတွင်း ဖွင့်လှစ်နေသည့် အင်္ဂလိပ်ဘာသာစကားနှင့် အခြားနည်းပညာသင်တန်းတို့ကို မိဘအုပ်ထိန်းသူတို့မှ ပိုမိုဦးစားပေ သင်ယူစေသည့်အပြင် အတန်းကြီးကျောင်းသား/သူတို့မှ လာမည့်စာသင်နှစ်အတွက် ကျူရှင်ကြိုတင်တက်ရောက်နေရသဖြင့် မွန်စာပေသင်ယူသည့် အတန်းကြီးအရွယ် ကျောင်းသားလူငယ်တို့ နည်းပါးလျှက်ရှိသည်။
အထူးသဖြင့် မွန်စာပေသမိုင်အတန်းအထိ လေ့လာသင်ယူသူမရှိသလောက်နည်းလာကြောင်းနှင့် မွန်စာပေလက်ဆင့်ကမ်းသင်ယူသူ တဖြည်းဖြည်း ပျောက်ကွယ်မည်ကို စိုးရိမ်မိကြောင်း မွန်စာပေ စာအရေးလှုပ်ရှာသူနေသည့် သဃာၤတော်တစ်ပါးမှ မိန့်ကြားသည်။

” အင်္ဂလိပ်ဘာသာစကားကို မဖြစ်မနေ သင်ကြာရမဲ့ခေတ်ဆိုတော့လဲ မြို့ပေါ်မှာ သွားတက်တာ များတယ်ပေါ့၊ နွေရာသီမွန်စာပေကို အားမပေတာက မွန်စာကို ဖျောက်နေတာနဲ့တူတူပဲ၊ ဒီအတိုင်းဆို မွန်စာတွေ ပျောက်သွားနိုင်တယ်” ဟု ရေးမှ နွေရာသီ မွန်စာပေ သင်ကြားပို့ချနေသည့် သံဃာတော်တစ်ပါးက မိန့်ကြားသည်။
ယင်းကိစ္စနှင့်ပတ်သတ်၍ မြို့နယ်နှင့် ကျေးရွာရှိအဖွဲ့အစည်းများအပြင် မိဘအုပ်ထိန်းသူတို့တွင် တာဝန်ရှိကြောင်း လူငယ်များသည် မိမိတို့ လူမျိုးအတွက် ကာကွယ်စောင့်ရှောက်နိုင်ရန် နွေရာသီမွန်စာပေသင်တန်းကို တက်ရောက်သင့်ကြောင်း ဆက်လက်မိန့်ကြားသည်၊
ထို့ကြောင့် မွန်စာပေလေ့လာသင်ယူသူ ပိုမိုးများပြားလာရန် လူငယ်များကို ဆွဲဆောင်သည့်အနေဖြင့် အင်္ဂလိပ်ဘာသာစကားကိုပါ ထည့်သွင်းသင်ကြားနေရကြောင်း နွေရာသီမွန်စာပေသင်တန်းတွင် စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်သင်ကြားနေသူက ဆိုသည်။
” မွန်စာသင်ဖို့က ရွာမှာလူငယ်တွေလဲ မရှိတော့ဘူး၊ အဲကြောင့်မို့လို့ မွန်စာသင်ရင်းနဲ့ အင်္ဂလိပ်သင်တန်းကိုလဲ ထည့်ပြီးတော့ သင်လာတယ်၊ မွန်စာသင်ဖို့ လူငယ်တွေကို ဆွဲဆောင်တာပေါ့နော် မနက်ပိုင်းဆို မွန်စာသင်တယ် ညနေဆို အင်္ဂလိပ်သင်တယ် အဲလိုလုပ်ထားရတယ် ” ဟု ပြောသည်။
မိမိတို့လူမျိုး၏ အမျိုးသားရေးလက္ခဏာများ ဖော်ထုတ်နိုင်ရန်နှင့် တိုးတက်စေရေးအတွက် ပညာရေးကို ဦးစားပေးလေ့လာသင်ယူကြရန်နှင့် မွန်စာပေဖြင့် မွန်သမိုင်းများကို လေ့လာထားရန် လိုအပ်ကြောင်းလည်း ဆက်ပြောသည်။
မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ အချက်အလက်အရ နွေရာသီ မွန်စာပေ သင်တန်းကို မွန်ပြည်နယ်အပြင် ကရင်ပြည်၊ တနင်္သာရီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ၁၉ မြို့နယ်အထိ ဖွင့်လှစ်ထားနိုင်ပြီး ယခုနှစ်တွင် တိုက်ပွဲပဋိပက္ခကြောင့်လည်း ဖွင့်လှစ်သင်ကြားနိုင်မှု လျော့နည်းမည်ဖြစ်ကြောင်း မွန်စာပေးလှုပ်ရှားသူတို့မှ ခန့်မှန်းပြောဆိုသည်။
နွေရာသီ မွန်စာပေသင်ကြားမှုကို သင်္ကြန်ပိတ်ရက်မှ လွဲ၍ မတ်လနှင့် မေလအထိ နှစ်လတာအကြားတွင် ဆက်တိုက်ဖွင့်လှစ်သင်ကြားလျှက်ရှိသည်။
၁၉၈၈ခုနှစ် နောက်ပိုင်းတွင် မွန်စာသင်ကြားခွင့်ကို လုံးဝပိတ်ပင်ခံရသည့်အချိန်မှစ၍ နွေရာသီအတွင်း သံဃာတော်များ၏ ဦးဆောင်မှုဖြင့် ဘုန်းတော်ကြီးကျောင်းများတွင် မွန်စာသင်ကြားမှုများကို အကောင်ထည်ဖော် သင်ကြားလာခဲ့ကြသည်မှ ယနေ့ထိတိုင်ဖြစ်သည်။