မွန်ပြည်နယ်အတွင်း လောင်းကစားဝိုင်းကျယ်ကျယ်ပြန့်ပြန့်ဖွင့်လှစ်ထားသည့် ချောင်းဆုံနှင့်မော်လမြိုင်မြို့တို့တွင် ဒေသခံတို့မှ ခိုးဆိုးလုယက်မှုနှင့်ရင်ဆိုင်နေရသည့် အပြင် ကလေးပျောက်ဆုံးမှုတို့လည်း များလာနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်တို့မှ သိရသည်။

ယခုရက်ပိုင်းအတွင်း အသက် ၁၀ နှစ်နှင့်အထက် ကျောင်းနေအရွယ်ကလေးတို့ ကျောင်းတက်၊ ကျောင်းဆင်းနှင့် အပြင်ထွက်စဉ်တွင် မကြာခဏ ပျောက်ဆုံးလျှက်ရှိသည်ဟု ဒေသခံတို့ကဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီပထမအပတ်တွင်လည် ချောင်းဆုံမြို့နယ်ကမာမိုကျေးရွာ၌ ( ၆) တန်းအရွယ်ကျောင်းသူတစ်ဦးကို သူစိမ်းအမျိုးသားနှစ်ဦးမှမေ့ဆေးခပ်ရန်ကြိုးစားမှု ဖြစ်ပွားခဲ့သေးသည်။
ပျောက်ဆုံးသည့်ကလေးငယ်အများစုကို ပြန်လည်တွေ့ရှိသော်လည်း အချိန်ကာလတစ်ခုအထိ မေ့မြောနေခြင်းနှင့် တစ်စုံတစ်ရာမေးမြန်မှုမပြုနိုင်ခြင်းကြောင့် ကလေးငယ်တို့၏ လုံခြုံရေးအတွက် မိဘနှင့် အုပ်ထိန်းသူတို့ကစိုးရိမ်နေရကြောင်း ရွာအကျိုးဆောင်ရွက်နေသည့်ချောင်းဆုံဒေသခံတစ်ဦးက ဆိုသည်။
“အခြားနယ်ကလည်း အလိုဖြစ်စဉ်မျိုးFacebook မှာတင်နေတာတော့အမြဲတွေ့နေတယ်။ ဒီဖြစ်စဉ်ကဒီကမာမိုမှာတော့တကယ်ဖြစ်ခဲ့တယ်။ ဒီလိုဖြစ်ပြီးနောက်ပိုင်း မိဘတွေကလည်း ကလေးကျောင်းအကြိုပို့ကိစ္စကိုလည်း ကိုယ်တိုင်သွားပို့ဖို့ သတိပေးထားတာရှိတယ်။” ဟု ဆိုသည်။
ယခုဖြစ်စဉ်မျိုးကို ယခင် ချောင်းဆုံဒေသအတွင်း၌ ဖြစ်ပွားခဲ့ခြင်းမရှိသော်လည်း လောင်းကစားဝိုင်းကြောင့် တစ်နယ်တစ်ကျေးမှ ဒေသခံတို့ နေ့စဉ်ဝင်ထွက်သွားလာမှု များလာချိန်တွင် ဒုစရိုက်မှုသိသိသာများလာကြောင်း ဆက်ပြောသည်။
အလားတူ လောင်းကစားဝိုင်းအသားပေးဖွင့်လှစ်ထားသည့် မော်လမြိုင်ရပ်ကွက်အချို့မှ ကလေးပျောက်ဆုံးသူတို့သည် နီးစပ်ရာ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တို့ထံ နေ့စဉ်လာရောအကူအညီတောင်းခံနေရပြီး သက်ဆိုင်ရာတာဝန်ရှိသူမှ ယခုဖြစ်စဉ်ကိုအရေးယူ ဆောင်ရွက်ပေးမှုမရှိသည့်အပြင် တိုင်ကြားသူတို့ထံ ငွေကြေးကောက်ခံလျှက်ရှိကြောင်း သိရသည်။
ပရဟိတအရေး ဆောင်ရွက်နေသူတစ်ဦးက “လောင်းကစားဝိုင်းတွေက ကြိုက်တဲ့နေရာမှာ freedom ပေးပြီးဖွင့်ခွင့်ပြုထားတော့ လူတွေရဲ့အကျင့်စရိုက်တွေ၊ ဒုစရိက်တွေလည်းနည်းလမ်းပေါင်းစုံကိုမြင်တွေ့နေရတယ်။ ပစ္စည်းပျောက် ကလေးပျောက်အစုံပါပဲ။ ဒါမဲ့တိုင်ကြား အရေးယူပေးမဲ့နေရာလည်းမရှိဘူး။ သူတို့စခန်းရောက်ရင် အကြောင်းစုံကိုမေးမဲ့အစား စာရွက်စာတမ်းဖိုးပဲအရင်တောင်းတယ်။ အဲ့ကြောင့် ပြည်သူတွေလည်းတိုင်ကြားဖို့ဒုက္ခရောက်တယ် ” ဟု ပြောသည်။
မော်လမြိုင် လူပျောက်ရှာဖွေဖေ့စ်ဘွစ်ဂရုနှင့် လူကုန်ကူးတိုက်ဖျက်ရေးဂရုတို့၏ မှတ်တမ်းအရ ယခုဖေဖော်ဝါရီလအတွင်း ကျောင်းနေအရွယ်ကလေးအပါအဝင်အသက်ပြည့်ပြီး လူငယ် ၅ ဦးထက်မနည်း ပျောက်ဆုံးနေကြောင်း အဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ဖြန့်ဝေထားသည့် လူပျောက်ကြေညာတို့အရ သိရသည်။
မွန်ပြည်နယ်နေရာအနှံ့တွင် စစ်ကောင်စီမွန်ဝန်ကြီးချုပ်တို့ လုံခြုံရေးပေးနေသည့် လောင်းကစားဝိုင်းတို့တွင်ကျယ်နေဆဲဖြစ်ပြီး အဆိုပါလောင်းကစားဝိုင်းနေရာတို့တွင် တရားမဝင်ငွေတိုးချေးယူမှုများ၊ ဆိုင်ကယ်နှင့် အခြားတန်ဖိုးကြီးပစ္စည်းများ ပေါင်နှံရောင်ချမှုတို့လည်း လုပ်ဆောင်လျှက်ရှိသည်။
ပြီးခဲ့သည့် ၂၀၂၄ အောက်တိုဘာလတွင်လည်း လက်နက်ကိုင်အဖွဲ့စုံသွားလာလှုပ်ရှားနေသည့် ဘုရားသုံးဆူမြို့တွင်လည်း အသက်(၁၀)အောက် ကလေးငယ် ၂၀ဦးထက်မနည်းသတင်းအစမရှိပျောက်ဆုံးမှု ဖြစ်ပွားခဲ့သေးသည်။