ထိုင်း- မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့ပေါ်တွင် ဖေဖော်ဝါရီ ၈ ရက်နေ့မှစ၍ မြို့တွင်းရှိကာစီနိုလောင်းကစားရုံများ ပိတ်သိမ်းခဲ့ပြီးနောက် ဘုရားသုံးဆူဒေသတစ်ဝိုက်ရှိ အဆောက်အအုံတို့တွင် တရုတ်နိုင်ငံသားတို့ ပြောင်းရွေ့နေထိုင်နေကြကြောင်း ဒေသတွင်းသတင်းရင်းမြစ်တို့မှသိရသည်။

လက်ရှိတွင် တရုတ်နိုင်ငံသားတို့ ဘုရားသုံးဆူမြို့နှင့် ၁၅ မီတာခန့်ကွာဝေးသည့် DKBA ထိန်းချုပ်ရာနေရာရှိ အဆောက်အအုံထဲတွင် ပြောင်းရွှေ့နေထိုင်ကြပြီး၊ မြို့ပေါ်တွင် တရုတ်လူမျိုး ၁၀ ဂဏန်းခန့် သာကျန်ရှိတော့ ကြောင်း ဘုရားသုံးဆူမြို့ခံတစ်ဦးကပြောသည်။
“တရုတ်တွေထွက်နေတာ သုံးလေးရက်လောက်ရှိပြီးပေါ့ ပစ္စည်းတွေသယ်ထုတ်နေတာ ဒီမြို့ပေါ်ဆိုကာစီနိုမျိုးချစ် ဘက်မှာ ၁၀ ဂဏန်းလောက်ပဲကျန်တော့တယ်၊ တရုတ်တွေရှင်းသလောက်ရှိနေပြီးပေါ့ သူတို့တွေပစ္စည်း သယ်ပြီး အလှပြင်ဆိုင်က စားသောက်ဆိုင်ကတရုတ်တွေရောပဲပြောင်းကုန်ကြတယ်၊ ဒီဘုရားသုံးဆူဒေသကနေ ထွက်သွားပြီးလို့လည်း ပြောလို့မရဘူး၊ ပြောရရင်တော့ DKBA တွေက ဒီဘုရားသုံးဆူ မြို့မှာ တရုတ်တွေမရှိတော့ အကြောင်းပြချင်ရုံပါပဲလို့မြင်တယ်” ဟု ၎င်းကပြောသည်။
တရုတ်လူမျိုးတို့ မြို့ပေါ်တွင် မရှိတော့ကြောင်းကို စောင့်ကြည့်နေသည့် ဒေသခံနှင့်လက်နက်ကိုင်အဖွဲ့တို့က ထင်မြင်လာရန် ဟန်ပြသဘောသာလုပ်ဆောင်ခြင်းဖြစ်ပြီး အဆိုပါတရုတ်နိုင်ငံသားတို့က အခြားနယ်စပ်ကိုပြောင်းရွှေ့သွားခြင်းနှင့် ထိုင်းနိုင်ငံ ဘက်သို့လွှဲပြောင်းခြင်း မျိုးမရှိသေးကြောင်း ဆက်ပြောသည်။
DKBA တပ်ဖွဲ့ဝင်တို့မှ ဘုရားသုံးဆူမြို့မှ တရားမဝင်၊ ဝင်ရောက်လာသည့် စားသောက်ကုန်လုပ်ငန်း၊ ကာစီနို လောင်းကစားလုပ်ငန်း၊ ဂိမ်းရုံများဖွင့်လှစ်လုပ်ကိုင်နေသည့် တရုတ်လူမျိုးများအနေဖြင့် ၂၈ ရက်နေ့ မတိုင်မှီ ထွက်ခွာရန် ဖေဖော်ဝါရီ ၉ ရက်တွင်စာထုတ်ပြန်ထားသည်။
ထို့နောက် တရုတ်နိုင်ငံသားများနှစ်ချုပ်ပုံစံဖြင့် ငှားရမ်းထားသည့် အဆောင်၊ တိုက်ခန်းတို့ကို ပိုင်ရှင်ထံပြန်လည်ပေးအပ်လာပြီး ဘတ်ငွေသိန်းနှင့်ချီချုပ်ဆိုထားသည့် အဆောက်အအုံတို့ကို အပေးအယူညှိနှိုင်းကိစ္စလုပ်ဆောင်နေသည့် တရုတ်နိုင်ငံသားအချို့သာ ကျန်ရှိနေကြောင်းလည်း မြို့ခံတစ်ဦးကပြောသည်။
“တရုတ်တွေနည်းသွားတာပဲ စာထုတ်လိုက် ကတည်းက မြို့ပေါ်ဈေးတွေမှာလည်း တရုတ်တွေကို သိပ်မတွေ့ ရဘူး၊၂၈ ရက်မတိုင်ခင်တော်တော်များများ၊ အားလုံးတော့ထွက်ရမှာပဲလေ ဘာလို့ဆို ဒီမြို့ ကအခြား လက်နက် ကိုင် အဖွဲ့တွေရော၊ ဒေသခံတွေလည်း စောင့်ကြည့် နေတဲ့ အနေအထားဆိုတော့လေ”ဟုပြောသည်။
ထို့အပြင်ဘုရားသုံးဆူမြို့ရှိ လောင်းကစားနှင့် ကာစီနိုလုပ်ကိုင်သည့်တရုတ်နိုင်ငံများက သူ့နည်းသူ့ဟန်ဖြင့် ထွက်ခွာနေပြီးဖြစ်သော်လည်း မြဝတီနယ်စပ်ဘက်ကဲ့သို့ ထိုင်းနိုင်ငံကို လွှဲပြောင်းပေးခြင်းမရှိဟု DKBA မှ ဗိုလ်မှူးကြီး စောဆန်းအောင် ပြောသည်။
“တရုတ်တွေက သူ့နည်းသူ့ဟန်နဲ့ထွက်နေတာတော့ရှိတယ် ၊ ဘုရားသုံးဆူမှာတော့ လွှဲပြောင်းတာမျိုးတော့ မရှိဘူး” ဟု ပြောသည်။
ဘုရားသုံးဆူမြို့ပေါ်မှပြောင်းရွှေ့သွားသည့် လောင်းကစားဝိုင်းတို့သည့် မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာ နေရာတို့တွင်ရောက်ရှိသွားသည်ဟု တိုင်းရင်မီဒီယာအချို့မှ ဖော်ပြထားပြီး IMNA မှ ဆက်လက်အတည်ပြုနေဆဲဖြစ်သည်။