အတွေးအမြင်၊ လဝီဝမ်
မွန်လက်နက်ကိုင်တပ်ဖွဲ့တွေ စုစည်းမှုတရပ်ဖြစ်လာပါပြီ။ လွတ်လပ်တဲ့ မွန်ပြည်ရဖို့အတွက် အသက်ပေးပြီး တိုက်ကြမယ့် လူ့အရင်းအမြစ်တွေလည်း ရှိလာပါပြီ။ ဒါပေမယ့် စုစည်းမှု အင်အား စစ်ရေး ဘဏ္ဍာရေးစတဲ့ အဘက်ဘက်မှာ အားကောင်းတဲ့ မွန်တော်လှန်ရေးတရပ် ဖြစ်လာဖို့ကိုတော့ ကျနော်တို့တွေ ဝိုင်းစဥ်စားကြဖို့ လိုမယ်ထင်ပါတယ်။ ဒီတော့ အဘက်ဘက်မှာ အားကောင်းတဲ့ မွန်တော်လှန်ရေးအတွက် ကျနော်တို့မွန်တွေမှာ သုံးခုလိုနေ တယ်လို့ မြင်ပါတယ်။

ပထမလိုအပ်ချက်က ရန်သူကို တိုက်ဖို့ ငွေလိုပါတယ်။ ဒီငွေကို ဘယ်ကရနိုင်မလဲလို့ တွေးရင် မွန်ပြည်သူတွေကပဲ ဝိုင်းဝန်းမှ ဖြစ်မှာပါ။ တချို့ကျ တွေးတာက မွန်ပြည်က ဆိပ်ကမ်းတွေကို နိုင်ငံခြားကုမ္ပဏီတွေနဲ့ ညှိနှိုင်း ရောင်းချတာမျိုးလုပ်ပြီး တော်လှန်ရေးအတွက် ငွေကြေး အထောက်အပံ့ရဖို့ ရှာမလား တွေးကြပါတယ်။ ဒီတချက်ကတော့ ဖြစ်နိုင်ချေရှိပါတယ်။ AA ရခိုင်အဖွဲ့ဆိုရင်လည်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့နဲ့ သဘောတူ လက်မှတ်ထိုး ထားပြီး အပေးအယူလုပ်တာမျိုးတွေ ရှိတယ်လို့ ကျနော့်မိတ်ဆွေတဦးက ပြောပြတာကို မှတ်မိပါတယ်။
ရန်သူကို တိုက်ဖို့အတွက် လိုအပ်တဲ့ လက်နက်နဲ့ ရိက္ခာတွေကို ထုတ်ယူပြီး ရခိုင်တွေ လွတ်လပ်တဲ့အခါကျရင် တစ်ခုခုပြန်ပေးမယ်ဆိုတာမျိုးပေါ့။ ဥပမာ- ရခိုင်ပြည်က ဆိပ်ကမ်း တခုကို လုပ်ကိုင်ခွင့် ပြန်ပေးမယ်ဆိုတာမျိုးပေါ့။ အဲ့လိုအပေးအယူကြောင့်လည်း ရခိုင်တွေမှာ ပြည့်စုံတဲ့ လက်နက် တပ်ဆင်နိုင်တာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ စာရေးသူ ကိုယ်တိုင်တွေး မိတာကတော့ မော်လမြိုင် အရှေ့တောင်တိုင်းကနေ ရေးမြို့အထိ လမ်းမကြီး တလျှောက်မှာ ရှိနေတဲ့ ရာဘာခြံအများစုက မင်းအောင်လှိုင်တို့ စစ်ကောင်စီတပ်က သိမ်းထားတာပါ။ ဒီရာဘာြခံတွေကို NUG တို့ လုပ်သလိုမျိုး တော်လှန်ရေးဘက်က စာချုပ် စာတမ်းတွေနဲ့ ရောင်းချလိုက်ရင် တော်လှန်ရေးအတွက် ဘဏ္ဍာငွေ ရနိုင်ပါတယ်။ ဒါက အတွေးတခုပါ ။
စစ်ကောင်စီတပ်စခန်းတခုကို သိမ်းဖို့ ကျည်ဆံ ကျနော်တို့ ဘယ်လောက်လိုပါသလဲ။ လက်နက်ကြီးကျည်တွေ ဘယ်လောက်လိုပါသလဲ။ ဒါတွေကို တော်လှန်ရေးသမားတွေ တွက်ချက်နိုင်ပါတယ်။ လိုအပ်တဲ့ ခဲယမ်းမီးကျောက်တွေကို ဂိုထောင်လို စုပုံပြီး ထားနိုင်မှသာ မြို့တွေကို သိမ်းနိုင်မှာပါ။ ပရိယာယ်များတဲ့ စစ်ပွဲမှာ အချိန်ကို တွက်ချက်ဖို့က စိန်ခေါ်မှု ရှိပါတယ်။ တခါတလေမှာ ကိုယ်က စောစောအပြီးသတ်နိုင်မယ် ထင်ပေမယ့် ရန်သူဘက်က စစ်ပန်းအောင် လုပ်ပြီး ကိုယ့်ကျည်ဆံကို ဖြုန်းနိုင်အောင်လုပ်တာမျိုးဆိုရင် မြို့သိမ်းခါနီးမှ ပြန်တပ်ခေါက်ရတာမျိုး ကြုံရနိုင်ပါတယ်။ ဒီတော့ ခဲယမ်းမီးကျောက်ကို ပုံထားနိုင်မှ တော်ကာကျနိုင်ပါတယ်။ အဲ့ဒီ့အတွက် ချမ်းသာတဲ့ မွန်စီးပွားရေးသမားတွေကအစ မွန်ဘုန်း ကြီးတွေ မွန်ရွှေ့ပြောင်းလုပ်သားတွေပါမကျန် ဒါကို ဝိုင်းတွေးပြီး ထည့်ဝင်ကြဖို့ လိုပါလိမ့် မယ်။ ဒါမှသာ အနာဂတ်မှာ မွန်ပြည်ကို ကျနော်တို့ မွန်တွေ ပိုင်မှာပါ။
ဒုတိယမြောက်လိုအပ်ချက်က ကျည်ဆံပါ။ အထက်မှာ ကျနော်ပြောခဲ့သလို ငွေကြေးနဲ့ ခဲယမ်းလိုအပ်ချက်က ချိတ်ဆက်နေပါတယ်။ ကျည်တထောင့်ကို ထိုင်းဘတ်ငွေ အနည်းဆုံး ၅၀ ဘတ်နဲ့အထက် ပေးရပါတယ်။ ဒါက ဘုရားသုံးဆူနယ်စပ် မှောင်ခိုစျေးကွက်ရဲ့ လက်ရှိပေါက်စျေးဖြစ်ပါတယ်။ ကျည်တစ်တောင့်ကို ဒီငွေကြေးကျသင့်တာက အဆမတန် စျေးကြီးလွန်းတာလို့ တော်လှန်ရေးရဲဘော်တစ်ယောက်ကတော့ ပြောပါတယ်။ တိုက်ပွဲကြီး တစ်ပွဲအတွက် ရဲဘော်အယောက်စီတိုင်းမှာ ကျည် အနည်းဆုံး ရာဂဏန်းလောက် ဖြည့်တင်း ရပါတယ်။ ဒီတော့ ကုန်ကျစရိတ်က မနည်းလှပါဘူး။ အကယ်၍သာ ကျည်တတောင့်ကို ဘတ်ငွေ ၂၀ လောက်နဲ့ ရနိုင်မယ့် နေရာရှိရင် အဆက်အသွယ် ရအောင် ရှာရင် မကောင်း ဘူးလား စဥ်းစားစရာပါ။ ဒီကိစ္စအတွက်ကတော့ ထိုင်းဘက်က စီးပွားရေးလုပ်ကိုင်နေ သူတွေနဲ့ ချဥ်းကပ်ရမှာ ဖြစ်ပါတယ်။ မွန်မှာ ထိုင်းနိုင်ငံသားမွန်တွေ ရှိနေတယ်ဆိုရင်ရော ကိုယ့်မွန်ပြည်အတွက် ကူညီမပေးနိုင်ဘူးလား တွေးဆကြည့်ရင် ကူညီနိုင်မယ့် မွန်မျိုးချစ် ပုဂ္ဂိုလ် ရှိကောင်း ရှိနိုင်ပါလိမ့်မယ်။ ဒါပေမယ့် ဒီလိုပုဂ္ဂိုလ် ယနေ့ထိ မတွေ့သေးပါဘူး။ ဒီကိစ္စ လည်း ကျနော်တို့ မွန်တွေအားလုံး ဝိုင်းတွေးပေးကြဖို့ လိုပါလိမ့်မယ်။ ဒါမှသာ မွန်ပြည်သည် ကျနော်တို့ပြည် ဖြစ်လာမှာပါ။
မွန်ပြည်သစ်ပါတီ ဥက္ကဌ ဆရာနိုင်ဟံသာက ၇၈ နှစ်မြောက် မွန်အမျိုးသားနေ့မှာ ပြောသွားတဲ့ စကားကို နားထောင်တုန်းက အတွေးတစရမိတာရှိပါတယ်။ မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီ တပ် အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ ခေတ်သစ်မွန်တော်လှန်ရေး ခေါင်းဆောင် တွေက ဆရာနိုင်ဟံသာကိုတော့ မမီသေးဘူးဆိုတာ သတိထားမိတာပါ။ ဆိုလိုတာက ဆရာ နိုင်ဟံသာက မွန်အများစု သူ့ကို ထောက်ခံယုံကြည်အောင် စည်းရုံးနိုင်သလို တကယ်လည်း ထောက်ခံယုံကြည်မှု ရှိကြပါတယ်။ သူက မွန်တွေအတွက် ခေါင်းဆောင်ကောင်းတယောက် ဖြစ်တယ်ဆိုတာကို မွန်တွေက ဆက်ပြီး ယုံကြည်နေကြဆဲပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သူက တဖက်မှာ မင်းအောင်လှိုင်နဲ့ စစ်ကောင်စီတပ်က လူတွေကို ဆက်ဆံရေးလုပ်နေတော့ ဒီကိစ္စ က ခက်ပါတယ်။ ဆရာနိုင်ဟံသာကိုယ်တိုင်သာ မွန်ပြည်သစ်အေဒီထဲ ဘက်ပြောင်း ပါလာရင် မွန်တော်လှန်ရေးက တော်တော်ကို အားကောင်းတဲ့ အလှည့်အပြောင်း ဖြစ်သွားနိုင် ပါတယ်။
မွန်ဘုန်းကြီးနဲ့ မွန်တွေအားလုံး ဒီလိုအခွင့်အခါကောင်းတဲ့ တော်လှန်ရေးမှာ ဆရာနိုင်ဟံသာ တယောက် ကူးပြောင်းပါဝင်လာဖို့ ပါဝင်လာအောင် ကိုယ်စီ စွမ်းနိုင်သမျှစည်းရုံးဖို့ တာဝန်ရှိ ပါတယ်။ တာဝန်ရှိတယ်လို့လည်း ကျနော်ယုံကြည်ပါတယ်။ ကျနော်တို့ မွန်တော်လှန်ရေး အားကောင်းတဲ့ အလှည့်အပြောင်းဖြစ်ဖို့အတွက် စွမ်းနိုင်သမျှ ဝိုင်းတွန်းကြဖို့ လိုပါတယ်။ ဆရာနိုင်ဟံသာရဲ့ အားကတော့ ကျနော်တို့ မွန်တော်လှန်ရေး အလှည့်အပြောင်းအတွက် အဓိက လိုအပ်တဲ့ တတိယအချက် ဖြစ်ပါတယ်လို့ တင်ပြရင်း ကျနော်စာကို နိဂုံးချုပ်ပါတယ်။