မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ အတ္တရံမြစ်အရှေ့ခြမ်း၊ ငပုအင်းကျေးရွာအုပ်စု၊ ရေပူကော့စပ်ကျေးရွာအနီးတွင် နှစ်စဉ်ကျင်းပပြုလုပ်လေ့ရှိသည့် "ဒေါင်ဒင်အင်းငါးဖမ်းပွဲ"ကို ဒေါင်ဒင်အင်းသူကြီးကော်မတီတို့မှ ဦးဆောင်၍ ယနေ့ တပို့တွဲလပြည့်ကျော်(၄)ရက်၊ ဖေဖော်ဝါရီ ၁၆ရက်နေ့ နံနက် ၉ နာရီမှ ၅ နာရီအထိ ကျင်းပခဲ့ကြောင်း သိရသည်။

ဒဏ္ဍာရီရှိခဲ့ဖူးသည်ဆိုသည့် အဆိုပါ ဒေါင်ဒင်အင်း ငါးဖမ်းပွဲကို ယနေ့တွင် အတ္တရံမြစ်အရှေ့ဘက်ခြမ်းရှိ မွန်နှင့်ကရင်ပြည်နယ်မှဒေသခံတို့အပြင် မြစ်အနောက်ဘက်ခြမ်းရှိ ကျိုက်မရော၊မုဒုံနှင့် မော်လမြိုင်မှ ငါးဖမ်းဝါသနာရှင် ထောင်ကျော်အထိ အပြိုင်အဆိုင် ပါဝင်ဆင်နွှဲခဲ့ကြောင်းလည်း သိရသည်။
ယခုနှစ်တွင် အိုင်အတွင်း ငါးအရေအတွက် ပိုများသည့်အပြင် အကြီးဆုံးငါးဖမ်းမိသည့် ငါးဖမ်းဝါဿနာရှင်ကိုလည်း ဒေါင်ဒင်အင်းသူကြီးကော်မတီမှ ဆုတော်ငွေ နှစ်သိန်းချီးမြှင့်ခဲ့ကြောင်းလည်း ဒေါင်ဒင်အင်းဒေသခံတစ်ဦးက ဆိုသည်။
"ဒီနှစ်က လူလည်းများတယ် ဖွင့်ပွဲမှာလည်း ဒုံးတွေနဲ့ ကသေးတယ်၊ အလှဓါတ်ပုံ လာရိုက်ကြတာလည်း များတယ်၊ လာတဲ့ဆိုင်ကယ်တွေကာတွေကို ထိန်းထိန်းသိမ်းသိမ်းစီစဉ်ပေးတယ်ဆိုတော့ အရင်နှစ်ကထက် ပိုပြီးစည်ကားမှုရှိတယ်ပေါ့ ငါးဖမ်းတဲ့သူရော အလည်အပတ်သွားတဲ့ သူတွေရောဆိုရင် အနည်းဆုံး ၁၅၀၀ ကျော် ၂၀၀၀ အထိရှိတယ်"ဟု ပြောသည်။
အဆိုပါ ငါးဖမ်းပွဲတွင်ပါဝင်သူတို့ထံ အသုံးပြုသည့် ငါးဖမ်းကိရိယာအလိုက် ရန်ပုံငွေကောက်ခံထားခြင်းကြောင့် ဖမ်းဆီးရမိသည့် ငါးတို့ကို ကန့်သတ်ထားခြင်းမရှိဘဲ စီးပွားဖြစ်ရောင်းဝယ်ခြင်း၊ လက်ဆောင်အဖြစ်မျှဝေခြင်းအပြင် နှစ်သက်ရာ လုပ်ဆောင်နိုင်ကြောင်း ဆက်ပြောသည်။
ငါးဖမ်းပွဲကို နှစ်စဉ်တပို့တွဲလတွင် ကျင်းပလေ့ရှိပြီး ပွဲကျင်းပမည့်ရက်ကို ဒေါင်ဒင်အင်းကော်မတီတို့မှ ရေကိုချိန်ပြီး ရက်သတ်မှတ်ပေးရကြောင်းနှင့် ပွဲမကျင်းပမှီ ရိုးရာအစဉ်အလာဓလေ့ထုံးတမ်းအရ နန်းတော်ပုံ၊ ဆင်ချည်တိုင်၊ ဆင်ထိန်းနေရာ၊ ဆင်စွယ်ပုံများပြုလုပ်ကာ ပူဇော်ပွဲကျင်းပရကြောင်းလည်း သိရသည်။
ငါးဖမ်းပွဲမကျင်းမှီ ၃ ရက်အလိုတွင် ငါဖမ်းဝါဿနာရှင်တို့ အင်းထဲတွင် လိုအပ်သည့် ပြင်ဆင်ဆောင်ရွက်မှုတို့ကို လုပ်ဆောင်နိုင်သော်လည်း ငါးဖမ်းပွဲစတင်မီတစ်ရက်အလိုတွင် အင်းထဲသို့မည်သူတစ်ဦးတစ်ယောက်မျှ ဆင်းခွင့်မပြုတော့ကြောင်း ဒေါင်ဒင်အင်းသူကြီးကော်မတီမှ ဖိတ်ကြားစာနှင့်တကွ အသိပေးထားသည်။
၎င်း ဒေသခံက" ဘိုးစဉ်ဘောင်ဆက် သက်ကြီးပိုင်း မွန်တိုင်းရင်းသားတွေက ဒေါင်ဒင်အင်းအကြောင်းကို ပိုပြီးသိကြတယ်၊ ဒါပေမဲ့ ရေပူ အုန်းခြံနားမှာနေတဲ့ မွန်တိုင်းရင်းသားအချို့က ဒီငါးဖမ်းပွဲကို မလာချင်ကြဘူး၊ သူတို့ရဲ့အဆိုရ ဒီအင်းထဲက ငါးတွေက ငရဲသားတွေဖြစ်တဲ့အတွက် ငရဲသားတွေကို ဖမ်းပြီးစားတာကို ဆန္ဒမရှိကြဘူး၊ အခုချိန်မှာတော့ အဲလိုမျိုးယူဆချက်တွေမရှိတော့ပါဘူး တိုင်းရင်းသားလူမျိုးပေါင်းစုံလာကြပါတယ်"ဟု ပြောသည်။
ဒဏ္ဍာရီစကားအရ ရဟန္တာတစ်ပါးကို စော်ကားသည့် ဒေါင်းဒင်မြို့တော်ကိုအုပ်ချုပ်သည့်ဘုရင်ကြီးနှင့် တိုင်းသူပြည်သားတို့သည့် လက်ရှိဒေါင်ဒင်အင်းနေရာတွင် မြေမြိုခံရပြီးနောက် ချိုင့်အဖြစ်ကျန်ရှိခဲ့သည့်အပြင် ဘုရင်မင်းမြတ်၏ စပါးပုံ၊ ကောက်ညှင်းပုံ၊ သမီးတော်၏ လက်ဝတ်လက်စားတို့ကို စုပုံထားသည့်နေရာတို့လည်း အင်းပတ်ပတ်လည်တွင် ကျောက်ဆောင်အဖြစ် ယနေ့အထိ ကျန်ရှိနေခဲ့ကြောင်းလည်း ပြောစမှတ်ပြုလျှက်ရှိသည်။
ထို့အပြေင် ဒေါင်ဒင်အင်းအနီးတစ်ဝိုက်တွင် သစ်ပင် ချုံနွယ်တို့ မည်မျှပင်ပေါစေကာမူ အင်းအတွင်းသို့ သစ်ကိုင်းသစ်ခက်သစ်ရွက်တို့ ပြည့်လျှံခြင်းမရှိခြင်း၊ အင်းအတွင်းသို့ အခြားမြစ်ချောင်းမှရေတို့ မည်မျှစီးဆင်းစေကာမူ နုံးအနည်ထိုင်ခြင်း တိမ်ကောခြင်းမရှိသည့်အပြင် ငါးဖမ်းပွဲတော်ကျင်းပရန် အစဉ်အလာအရ ပူဇော်ကန်တော့ပွဲကျင်းပပြီးနောက် တစ်ပတ်အတွင်း ငါးဖမ်း၍ရသည့်အခြေအနေအထိ အင်းမှသိသိသာရေလျှော့ကျလာခြင်းသည် ဒေါင်ဒင်အင်း၏ ထူးခြားချက်ဖြစ်ကြောင်းလည်း ဒေသခံတို့ကြား ပြောဆိုလျှက်ရှိသည်။
ကိုဗစ်ကပ်ရောဂါနှင့် နိုင်ငံရေးအခြေအနေတို့ကြောင့် ငါးဖမ်းပွဲကိုအကျဉ်းရုံးသာ ကျင်းပပြုလုပ်ခဲ့ရာ ယမန်နှစ် ၂၀၂၄ မှစ၍ စည်စည်ကားကား ပြန်လည်ကျင်းပနိုင်ခဲ့ကြောင်း ဒေါင်ဒင်အင်းငါးဖမ်းပွဲကျင်းပရေးအဖွဲ့မှ သိရသည်။