မွန်တပ်တော်တစ်ခုတည်းပေါ်ထွန်းရေးအပြင် ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး (Bottom-up federalism) ချဉ်းကပ်မှုဖြင့် ပြည်ထောင်စုနှင့် ပြည်နယ်ယူနစ်တည်ဆောက်ရေးကို ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ယနေ့ဖေဖော်ဝါရီ ၁၄ ရက်နေ့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP-AD ၏ ၁ နှစ်ပြည့်သဘောထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။
NMSP-AD အနေဖြင့် အကြမ်းဖက်စစ်ကောင်စီ ကျရှုံးရေးအတွက် သီးခြားဖြင့်သော်လည်ကောင်း၊ မဟာမိတ်အဖွဲ့အစည်းများနှင့် ပူးတွဲ၍သော်လည်းကောင်းတိုက်ပွဲဝင်လျှက်ရှိသည့်အပြင် ပါတီနှင့်တပ် ခိုင်မာရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းခြင်း၊ ပြည်သူနှင့် အရပ်ဖက်အဖွဲ့အစည်းတို့နှင့် ကဏ္ဍအလိုက်ပူးပေါင်းဆောင်ရွက်နေသည်မှာ ယနေ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ၁ နှစ်ပြည့်မြောက်ခဲ့ပြီးဖြစ်သည်။
အကြမ်းဖက်စစ်ကောင်စီမှ မွန်ပြည်သူလူထုတို့အပေါ် ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများအတွက် တရားမျှတမှုရရှိရေးသည် ဖက်ဒရယ်ပြည်ထောင်စုသစ်ကို တည်ဆောက်ခြင်းသာဖြစ်ခြင်းကြာင့် ဒီမိုကရေစီအင်အားစုများနှင့်အတူလက်တွဲကာ အစွမ်းကုန်ကြိုးစားဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
လက်ရှိတွင်လည်း ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစီအမံဆိုင်ရာ အခြေခံဥပဒေတစ်ရပ်ကို NMSP-AD အပါအဝင် တိုင်းရင်းသာလက်နက်ကိုင်နှင့် အရပ်ဘက်အဖွဲ့အစည်း ၉ ဖွဲ့တို့မှ ရေးဆွဲနေကြောင်းလည်း သိရသည်။
မွန်လက်နက်ကိုင်အဖွဲ့အစည်းတို့အနက် မွန်ပြည်သစ်ပါတီစစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP-AD သည် အင်အားအသင့်တင့်ရှိပြီး မွန်ပြည်သူလူထုတို့ထံ ယုံကြည်မှုအများဆုံးရရှိထားသည့် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သော်လည်း စည်းရုံးရေးပိုမိုလုပ်ဆောင်သင့်ကြောင်း မွန်နိုင်ငံရေးသုံးသပ်သူတစ်ဦးက ဆိုသည်။
"စည်းရုံးရေးတွေ ပိုမိုလုပ်သင့်တယ်လို့ မြင်တယ်။ တိုက်ပွဲဖြစ်တော့မယ်ဆို အင်အားက များသထက်များမှရမယ်။ ပြီးရင် ကိုယ့်အင်အားကိုလည်း တခြားလက်နက်ကိုင်အဖွဲ့တွေကို ပြပေးရမယ် စစ်ကောင်စီတွေကို ပြပေးရမယ်။ ဒါမှ သူတို့က ကိုယ့်ပြည်သူအပေါ် ခြိမ်းခြောက်မှုတွေ မလုပ်ရဲမှာ။ ခုအချိန်မှ ကိုယ့်လူမျိုးအပေါ် အနိုင်အထက်ယူမှုတွေကို မတားဆီးနိုင်သေးဘူးလို့ ပြောလို့ရတယ်။ ဒါအပြင် အရေးကြီးဆုံးက ပြည်သူတွေကို မျှော်လင့်ချက်ပေးနေရမယ်။ ဥပမာ- မြို့သိမ်းတာတွေလား။ ပိုမိုထိရောက်တဲ့စစ်ဆင်ရေးပေါ့ ” ဆိုသည်။
ထို့အပြင် အခြားတိုင်းရင်းသားဒေသနည်းတူ မြို့သိမ်းစခန်းသိမ်းတိုက်ပွဲတို့ကို ဖော်ဆောင်ရန် NMSP-AD အနေနှင့် ကြိုးပမ်းနေသည်ဟု ယုံကြည်ကြောင်း ဆက်ပြောသည်။
NMSP-AD တစ်နှစ်ပြည့် ထုတ်ပြန်စာတွင် အာဏာရှင်စနစ်ကို အမြစ်ဖြုတ်ရန် မွန်လူငယ်များ အမျိုးသားရေးတာဝန်ကို ဝင်ရောက်ထမ်းဆောင်ရန်နှင့် မွန်ပြည်သူများ တော်လှန်ရေးအတွက် ကူညီထောက်ပံ့ခြင်း၊ နည်းပညာ ပံ့ပိုးခြင်းတို့ဖြင့် ပူးပေါင်းရန်တိုက်တွန်းထားသေးသည်။

