ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း ရှမ်းမြောက်၊ ကချင်နှင့် ရခိုင်တို့တွင် ကြီးမားသည့် စစ်ရေးအပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ပြီး စစ်ကောင်စီ ထိန်းချုပ်ထားသည့် မြို့များ၊ ၎င်းတို့၏ ဌာနချုပ်များ၊ တပ်ရင်း၊ တပ်မများ လက်လွှတ်ခဲ့ရသည်။

အလားတူ မွန်၊ ကရင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (EAO) နှင့် နွေဦးတော်လှန်ရေး အင်အားစုအများအပြား လှုပ်ရှားရာ မြန်မာပြည်တောင်ပိုင်းဒေသတွင်လည်း ကြီးမားသည့် စစ်ရေး အပြောင်းအလဲ ဖြစ်လာနိုင်မလားဆိုသည့်အပေါ် နိုင်ငံရေးနှင့် စစ်ရေးအကဲခတ်တို့အကြား သုံးသပ်လျက်ရှိနေသည်။
လက်ရှိ နွေဦးတော်လှန်ရေး အရှိန်သည် ရှေ့သို့ သွားနေပြီး နောက်သို့ ပြန်ဆုတ်ရန် မရှိကြောင်း၊ ထို့ကြောင့် မွန်၊ ကရင်ဒေသတွင်လည်း စစ်ရေးအရှိန်များ မြင်တွေ့လာရမည်ဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးကြီးမြင့်က ပြောသည်။
“နွေဦးတော်လှန်ရေး အရှိန်က ရှေ့ကိုပဲ အရှိန်အဟုန်နဲ့ သွားနေပြီ။ နောက်ကို ပြန်ဆုတ်တာ လုံးဝ မရှိတော့ဘူး။ စစ်ကောင်စီကသာ အာဏာသိမ်း အစိုးရကသာ တဖြည်းဖြည်းချင်း ပြိုပြီးတော့ သူတို့ဟာ သူတို့ ရပ်တည်ရေးအတွက် ရုန်းကန်နေရတာ နွေဦးတော်လှန်ရေးကတော့ ရှေ့ကို အရှိန်အဟုန်နဲ့ သွားနေတာပေါ့။ အဲဒီနေရာမှာ တရုတ်က ဝင်ရောက် စွက်ဖက် နိုင်တာကလည်း သူ့အနားနီးတဲ့ နယ်စပ်တွေကိုပဲ ဝင်ရောက်ပြီးတော့ စွက်ဖက်နိုင်တယ်ပေါ့နော်။ ဖိအားပေးနိုင်တာပေါ့။ အဲဒီဖက်အခြမ်းကတော့ တစ်စုံတစ်ရာ အတိုင်းအတာအထိ နည်းနည်း နှေးသွားတယ်ပေါ့နော်။ သို့သော် မွန်နဲ့ ကရင်ကတော့ တရုတ်ဖိအားနဲ့ ကင်းလွတ်ပြီးတော့ နွေဦးတော်လှန်ရေး အရှိန်ကောင်းနေတဲ့ဖက် ဖြစ်တယ်။ ဒါကြောင့်မို့လို့ သေချာမုချ မွန်နဲ့ ကရင်ဖက်ကတော့ တိုးတက်ပြီးတော့ စစ်ရေးအရှိန်တွေ မြင့်လာလိမ့်မယ်လို့ အသေအချာပါပဲ” ဟု ဦးကြီးမြင့်က ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့က မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မဲပလီကျေးရွာအခြေစိုက် စစ်ကောင်စီ ဗျူဟာစခန်း ခမရ-၄၀၅ တပ်ရင်းကို KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦးထက်မနည်း သေဆုံးခဲ့သည်။
တောင်ပိုင်းဒေသတွင် မြို့ကလွဲ၍ ကျန်သော စစ်ကောင်စီတပ်စခန်းများကို EAOs နှင့် တော်လှန်ရေး အင်အားစုတို့က သိမ်းပိုက်ရန် အခြေအနေတွင် ရှိနေကြောင်း ကရင်လူငယ်တစ်ဦးက ပြောသည်။
“စကစတွေ ခြေကုတ်တဲ့နေရာကိုပဲ တိုင်းရင်းသားလက်နက်ကိုင် (EAO) တွေ တော်လှန်ရေးအင်အားစု တွေက တိုက်မှာပါ၊ ဘာဖြစ်လို့ဆိုလဲ မြို့ကလွဲလို့ရှိရင် ကျန်တဲ့နေရာတော်တော်များများက စကစ ရှိတဲ့နေရာတွေကို သိမ်းပိုက်ဖို့တော့ များတယ်ဗျ၊ တိုက်ပွဲတွေကလည်း စစ်ကြောင်း ပြန်လာထိုးတဲ့ဟာတွေကို ဖြတ်ပြီးတိုက်တာတို့ နောက်စကစ များသောအားဖြင့် သူတို့ သိမ်းခံရတဲ့ နယ်မြေတွေမှာ သူတို့က ပြန်ပြန်ပြီးတော့မှ လက်နက်ကြီးနဲ့ ပစ်တဲ့ဟာမျိုးဆိုရင်တော့ အဲဒီလိုမျိုး ဟာတွေဆိုရင် တိုက်ပွဲတွေက နွေရာသီထဲမှာ ပိုပြီး များလာလိမ့်မယ်” ဟု အထက်ပါလူငယ်က ပြောသည်။
ယခု ၂၀၂၅ ခုနှစ်အတွင်း တောင်ပိုင်းဒေသထက် မြန်မာပြည်အလယ်ပိုင်းဒေသတွင် ကြီးမားသော စစ်ရေး ဖော်ဆောင်မှု ဖြစ်လာနိုင်ကြောင်း၊ ၂၀၂၁ ကတည်းက တိုင်းရင်းသားနယ်မြေများတွင် ထိုးစစ်ဆင်မှုများ၊ နယ်မြေချဲ့ထွင်မှုများ လုပ်ဆောင်ပြီး ဖြစ်သည်ဟု သုံးသပ်သူတစ်ဦးက ပြောသည်။
တောင်ပိုင်းဒေသတွင် ရေးမြို့ဘက်ခြမ်းတွေ စစ်ရေးဖော်ဆောင်မှုများ ဖြစ်လာနိုင်ကြောင်း၊ ဂျိုင်းမြစ်ဝှမ်းတွင် တည်ငြိမ်သော အခြေအနေမှာ ရှိနေကြောင်း မွန်လူငယ်တစ်ဦးက ပြောသည်။
“ဒီတောင်ပိုင်းဒေသက မွန်ကတော့ ရေးဘက်ခြမ်း ဖြစ်နိုင်တာများတယ်။ ဒါပေမယ့် ဂျိုင်းမြစ်ဝှမ်းတစ်လျှောက်က အခြေအနေက နည်းနည်းတည်ငြိမ်နေတာ၊ ဘာကြောင့်လဲဆိုက သူတို့ ကရင်ရဲ့အပြစ်ပုံချမှုက မွန် NCA က သတင်းပေးလိုလို ဘာလိုလို သူတို့ တစ်ခုခုလုပ်လို့ရှိရင် နစကဘက်ကို သတင်းက ကြိုရောက်နေတာ အဲဒီလိုမျိုး သူတို့စစ်ဆေးရေးလုပ်လို့ မရဘူးဆိုတဲ့ အကြောင်းပြချက်လည်း ပါတယ်” ဟု ပြောသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAO) ဒေသတို့တွင် အခြေပြုလှုပ်ရှားသော ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် (BPLA)၊ ကျောင်းသားလက်ရုံးတပ်တော် (SAF) နှင့် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) တို့သည်လည်း မြန်မာပြည်အလယ်ပိုင်းဒေသ၊ အညာဒေသတို့တွင် စစ်ရေး လှုပ်ရှားမည်ဟု ပြောကြားထားသည်။
ထို့ကြောင့် ယခုနှစ် ၂၀၂၅ ခုနှစ်အတွင်း တိုင်းရင်းသားဒေသများထက် မြန်မာပြည်အလယ်ပိုင်းဒေသတွင် စစ်ရေးအရှိန် ပိုပြင်းထန်လာမည်ဟု သုံးသပ်သူများက ပြောသည်။
ရှမ်းမြောက် နှင့် ကချင်တို့တွင် တရုတ်၏ ကျောထောက်နောက်ခံမှုကြောင့် အင်တိုက်အားတိုက် လုပ်လာနိုင်သလို လူငယ်ခေါင်းဆောင်များက တက်ကြွ၍ ပြတ်ပြတ်သားသား လုပ်ဆောင်ကြကြောင်း၊ တောင်ပိုင်းဒေသမှာ မြောက်ပိုင်းဒေသကဲ့သို့ ကြီးမားသော အပြောင်းအလဲ မဖြစ်နိုင်ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
“တောင်ပိုင်းဖက်ကို ကြည့်လိုက်ရင် သိပ်ပြီးတော့ သူတို့လောက် မရှိဘူးပေါ့ဗျာ၊ ရှင်းရှင်းပြောရရင် ကရင်နီကတော့ လှုပ်ရှားမှုရှိပါတယ်။ သို့သော် ကရင်နီလည်း သူ့ရဲ့ လူဦးရေ တချို့ပေါ့၊ အကန့်အသတ်တွေရှိတော့ သူလည်း သိပ်မရုန်းနိုင်ဘူး။ ကရင်ဖက်မှာကြတော့ အစုအဖွဲ့တွေ မတူကွဲပြားတာတွေ ရန်တော့မဖြစ်ဘူး။ ပူးပေါင်းဆောင်ရွက်မှု ဆိုတဲ့နေရာမှာ သိပ်အားမရတဲ့အပြင် တခြားတခြား ဘေးတိုက်ကိစ္စတွေကလည်း တစ်ခုပြီးတစ်ခု ဝင်လာတော့ ညီညီညွတ်ညွတ်နဲ့ စစ်ရေး ရလဒ်တွေ ပေါ်အောင် လုပ်ဖို့လည်း တော်တော်ခက်နိုင်တယ်၊ ထို့အတူပါပဲ ဒီဖက် မွန်ဖက် ဆင်းသွားရင် မွန်ကလည်း အဖွဲ့တွေက တော်တော်များသွားပြီဆိုတော့ မြောက်ပိုင်းလိုတော့ လောက်လောက်လားလာ ပွဲတွေတော့ ထွက်လာမယ့်ပုံမပေါ်ဘူးဗျ ကျနော်ကြည့်တာ” ဟု ပြောသည်။
မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ မွန်ပြည်ကာကွယ်ရေးတပ် (MSDF)၊ မွန်ပြည်သစ်ပါတီ (MNLA-AD) နှင့် မွန်ပြည်လွတ်မြောက်ရေးတပ်မတော် (MLA) တို့ ပူးပေါင်းဖွဲ့စည်းထားသည့် “ရာမညပူးတွဲစစ်ကြောင်း” ဖြင့် စစ်ဆင်ရေး ပြုလုပ်သွားမည်ဟု ဇန်နဝါရီလအတွင်း ထုတ်ပြန်ထားသည်။
လက်ရှိ တောင်ပိုင်းဒေသတွင် စစ်ရေးဖော်ဆောင်မှုများအပြင် အွန်လိုင်းလောင်ကစား ကျားဖြန့် လုပ်ငန်းများကြောင့် ထိုင်းအာဏာပိုင်များနှင့် နိုင်ငံတကာအဖွဲ့အစည်းအချို့က တောင်ပိုင်းဒေသကို စောင့်ကြည့်မှုများ ရှိနေသည်။