မွန်ပြည်နယ်၊ ရေးမြို့မရဲစခန်း ပစ်ခတ်မှုဖြစ်စဉ်အတွင်း ဒုရဲအုပ်အပါအဝင် ရဲတပ်ဖွဲ့ဝင် ၃ ဦးနှင့် အချုပ်သား ၈ ဦးသေဆုံးပြီး၊ မြို့မရဲစခန်းမှူး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း စစ်ကောင်စီတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

ယမန်နေ့ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်က ရေးမြို့၊ သီရိခေမာရပ်ကွက်ရှိ ရေးမြို့မရဲစခန်းတွင် ရဲတပ်ဖွဲ့ဝင်များ ထမင်းသွားပို့ချိန်တွင် အချုပ်သားများက ရဲတပ်ဖွဲ့ထံမှ သေနက် လုယူပြီး ပစ်ခတ်ခဲ့ရာမှ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။
ထိုပစ်ခတ်မှုဖြစ်ပွားပြီးနောက် အချုပ်သား ၄ ဦးတို့က ရဲစခန်းအတွင်းမှ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်ဟု စစ်ကောင်စီတပ်ဖွဲ့နှင့် နီးစပ်သူတို့က ပြောသည်။
အချုပ်ခန်းပစ်ခတ်မှုဖြစ်စဉ်အတွၚ်း ဦးဒုရဲအုပ် နိုင်လွင်ဦး၊ ရဲတပ်ကြပ် မြင့်ထွန်း၊ ရဲတပ်သား ကျော်စွာထက်တို့ ၃ ဦး သေဆုံးသွားခဲ့ပြီး မြို့မရဲစခန်းမှူး ဒုရဲမှူး မြင့်ဦးလည်း ယာဘက်ရင်အုံတွင် ကျည်ဖောက်ဝင်ဒဏ်ရာရရှိခဲ့ရာ ရေးခရိုင်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေရဆဲဖြစ်ကြောင်း သိရသည်။
၎င်းပြင် ထိုပစ်ခတ်မှုကြောင့် အချုပ်သား ၈ ဦးလည်း သေဆုံးသွားကြောင်းလည်း စစ်ကောင်စီတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ သေနတ်လုပြီး ပစ်ခတ်ထွက်ပြေးသွားကြတဲ့ အချုပ်သားတွေ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီးတော့ မနက် ၁၁ နာရီခွဲအချိန်လောက်မှာ အချုပ်သား ၃ ဦးကတော့ လက်နက်ချအညံ့ခံခဲ့ပေမယ့် အချုပ်သား ၁ ဦးကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်” ဟု ၎င်းက ဆက်ပြောသည်။
ထွက်ပြေးလွတ်မြောက်သွားသည့် အချုပ်သားတစ်ဦးအား ပြန်လည်ဖမ်းဆီးရမိနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်တို့က ပိတ်ဆို့ ရှာဖွေမှုများလုပ်ဆောင်လျှက်ရှိကြောင်းလည်း ၎င်းက ဆိုသည်။
ရေးမြို့မရဲစခန်းမှ ထွက်ပြေးလွတ်မြောက်ခဲ့သည့် အချုပ်သားတစ်ဦးက ရေးဘီလူးအဖွဲ့ထံ ရောက်ရှိနေပြီးဖြစ်ကြောင်း ရေးဘီလူးအဖွဲ့က လူမှုကွန်ရက်စာမျက်နှာမှတဆင့် ထုတ်ပြန်ထားသည်။
ရေးမြို့မရဲစခန်းအတွင်းနှင့် အနီးဝန်းကျင်တွင်ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုကြောင့် ရေးမြို့အနီးဝန်းကျင်ရှိ လမ်းများနှင့် မော်လမြိုင် – ရေး – ထားဝယ် ပြည်ထောင်စုလမ်းမကြီးကို စစ်ကောင်စီတပ်ဖွဲ့တို့က ပိတ်ဆို့ထားခဲ့သည်ဟု ရေးမြို့ခံများထံမှ သိရသည်။
၎င်းပြင် ရေးမြို့ပေါ်ရပ်ကွက်များတွင် စစ်ကောင်စီလက်အောက်ခံ စစ်တပ်၊ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်နှင့် ပျူစောထီးအဖွဲ့တို့က အင်အားအများအပြားဖြင့် ဧည့်စာရင်းစစ်ခြင်းများလုပ်ဆောင်နေကြောင်းလည်း ရေးမြို့ခံတစ်ဦးက ပြောသည်။
“အချုပ်ခန်းမှာ ရဲတွေကို သေနတ်နဲ့ ပစ်သတ်ပြီး ထွက်ပြေးကြတဲ့သူတွေက PDF အဖွဲ့ဝင်တွေလို့ ကြားသိရတယ်။ ဒါပေမယ့် ဘယ်သူတွေလဲဆိုတာကိုတော့ တိတိကျကျ မသိရသေးဘူး” ဟု ၎င်းမြို့ခံက ဆက်ပြောသည်။
မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ စစ်စခန်းများ၊ ရဲစခန်းများ၊ ဌာနဆိုင်ရာအဆောက်အဦးများ မကြာခဏ ပစ်ခတ်တိုက်ခိုက်ခံနေရသည့်အပြင်၊ လုံခြံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများလည်း မကြာခဏ ပစ်ခတ်ရှင်းလင်းခံရလေ့ရှိသည်။