စစ်ကောင်စီက တရားဝင်ပြဌာန်းလိုက်သည့် စစ်မှုထမ်းနည်းဥပဒေအရ အမျိုးသမီးများပါ စစ်မှုထမ်းရန် ဆင့်ခေါ်လာနိုင်သည့်အခြေအနေကြောင့် စစ်မှုထမ်း အသက်အကျုံးဝင်သည့် အမျိုးသမီးများ ပူဆွေးသောကရောက်နေကြရသည်။
စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်ဆန်းပိုင်းက အတည်ပြုပြဌာန်းခဲ့ပြီး တစ်နှစ်အကြာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် စစ်မှုထမ်းဥပဒေ၏ နောက်ဆက်တွဲအဖြစ် နည်းဥပဒေကို တရားဝင်ပြဌာန်းလိုက်ခြင်းဖြစ်သည်။
စစ်မှုထမ်းဥပဒေအရ သာမန်အရပ်သားတွင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများနှင့် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများ ၂ နှစ်အထိ စစ်မှုထမ်းရန် ဆင့်ဆိုနိုင်သည်ဟု ပါရှိသည်။
ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာ တတ်မြောက်သူ သို့မဟုတ် အခြားအတတ်ပညာတစ်ရပ်ရပ်ဖြင့် အသက်မွေးဝမ်းကျောင်းနေသူများဖြစ်ပါက အသက် ၁၈ မှ ၄၅ နှစ်အတွင်း အမျိုးသားများနှင့် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသမီးများ အကျုံးဝင်သည်ဟု သတ်မှတ်ထားသည်။
စစ်မှုထမ်းဥပဒေ စတင်အကောင်အထည်ဖော်ချိန်ကနေ ယနေ့ထိ စစ်မှုထမ်းများကို အသက်သတ်မှတ်ချက် အကျုံးဝင်သည့် အမျိုးသားများသာ ခေါ်ယူလာခဲ့သော်လည်း ယခု တရားဝင်ပြဌာန်းလိုက်သည့် စစ်မှုထမ်းနည်းဥပဒေအရ စစ်မှုထမ်းရန် အသက် သတ်မှတ်ချက် အကျုံးဝင်သူတိုင်း စစ်မှုထမ်းရမည့်သဘော သက်ရောက်နေသည်။
တဖက်တွင်လည်း စစ်မှုထမ်းလိုသူ မရှိခြင်း၊ စစ်မှုထမ်းရမည်ကိုကြောက်ရွံ့ပြီး တော်လှန်ရေးနယ်မြေဘက် တိမ်းရှောင်သွားကြသူရှိသလို အများစုက နိုင်ငံခြားထွက်သွားကြသည့်အတွက် စစ်မှုထမ်း သင်တန်းသားများရရှိရန် ခက်ခဲလာသည့်အခြေအနေတွင် ငွေကြေးပေးပြီး လူအစားထိုးခြင်းဖြင့် စစ်မှုထမ်းသင်တန်းသားများ ပြည့်မီရေးကို ဖြေရှင်းနေရသည်။
သို့သော် စစ်မှုထမ်းသင်တန်း အပတ်စဉ်များလာသည့်နှင့် ငွေကြေးပေးပြီး လူအစားထိုးသည့် ဖြေရှင်းနည်းကလည်း အလုပ်မဖြစ်လာသည့်အတွက် လာမည့်သင်တန်းအပတ်စဉ်များတွင် အမျိုးသမီးများပါ စတင်ဆင့်ခေါ်လာနိုင်သည့်အခြေအနေ ရှိသည်ဟု အုပ်ချုပ်ရေးအဖွဲ့တို့ထံမှ သိရသည်။
သံဖြူဇရပ်မြို့နယ်အတွင်းက ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက “အခုက လူငှားဖို့အတွက် ပိုက်ဆံကောက်ထားပေမယ့် ရွှေ့ပြောင်းလုပ်သားတွေ ရှာလို့မရတော့ဘူး။ အဲဒါကြောင့် အခု စိတ်ပူနေတာက ရွာမှာရှိတဲ့အမျိုးသားတွေ မဲနှိက်အရွေးခံရတော့မှာလား။ အဲကနေ ယောကျော်းလေးတွေ တိမ်းရှောင်ကြရင် အမျိုးသမီးတွေကိုပဲ ခေါ်ရတော့မှာလား။ သူတို့ (စကစ) ထုတ်ပြန်ထားတာကလဲ အမျိုးသမီးတွေကိုပါ ခေါ်မှာဆိုတော့လေ” ဟု ပြောသည်။
စစ်မှုထမ်းနည်းဥပဒေထွက်လာပြီး ရက်ပိုင်းအတွင်းမှာပင် မွန်ပြည်နယ်အပါအဝင် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း အစရှိသည့် တိုင်းနှင့် ပြည်နယ်အချို့တို့တွင် အမျိုးသမီးစစ်မှုထမ်းစာရင်းများကို စတင်ကောက်ယူမှုများ ရှိနေသည်။
တိုင်းနှင့် ပြည်နယ်အချို့တွင် စစ်မှုထမ်း အသက်အကျုံးဝင် အမျိုးသမီးများစာရင်း ကောက်ယူမှုရှိနေချိန်တွင်ပင် စစ်ကောင်စီက အမျိုးသမီးစစ်မှုထမ်းစာရင်းကောက်ယူတာမရှိဘူးဆိုပြီး ဇန်နဝါရီလ ၂၈ ရက်နေ့က ထုတ်ပြန် ငြင်းဆိုထားသည်။
“ကျွန်မတို့အိမ်မှာ ညီအစ်မ နှစ်ယောက်ရှိတာပါ။ ၂၇ ရက်နေ့က အိမ်ကို အုပ်ကြီးတို့က ညီမလေးနာမည်နဲ့ စစ်မှုထမ်းဖို့အကျုံးဝင်တယ်ဆိုပြီး စာရွက်ပေးသွားတယ်။ အသက်က ၂၇ ပါ။ အခု ကျွန်မတို့ တစ်မိသားစုလုံးရှောင်နေရတယ်” ဟု သင်္ကန်းကျွန်းမြို့နယ်မှ စစ်မှုထမ်းစာရင်းကောက်ခံရသူ၏ မိသားစုဝင်တစ်ဦးက ပြောသည်။
အမျိုးသမီးစစ်မှုထမ်းစာရင်း ကောက်ယူမှုများ ရှိနေသည့်အတွက် စစ်မှုထမ်း အသက်အကျုံးဝင် အမျိုးသမီးများအပြင် မိသားစုလိုက်ပါ တိမ်းရှောင်လာနေကြရသည့်အခြေအနေလည်း ရှိနေသည်။
စစ်မှုထမ်းဥပဒေကြောင့် လူငယ်အမျိုးသမီးများ နေ့စဉ်ဘဝသွားလာလှုပ်ရှားမှုတွင် လုံခြုံမှုမရှိတော့သည့်အပြင် ဖမ်းဆီးခံရမည်ကိုလည်း စိုးရိမ်ကြောက်ရွံ့နေရသည်ဟု လူငယ်အမျိုးသမီးတို့က ဆိုသည်။
မွန်ပြည်ဖက်ဒရယ်ကောင်စီမှ အမျိုးသမီးအရေးလှုပ်ရှားသူ မိသုတဇဝ်က “စစ်မှုထမ်းနဲ့ ပတ်သက်ပြီး ပိုပြီး တင်းကြပ်လာတယ်။ မွန်မှာလည်း အမျိုးသမီးတွေ စစ်မှုထမ်းနာမည်စာရင်းမှာ ပါလာတာရှိနေတယ်။ မော့ကနင် (ရေးမြို့နယ်) ဘက်မှာ သူတို့ရှောင်နေရတာရှိတယ်။ စစ်မှုထမ်း အသက်အကျုံးဝင်ပြီး စာရင်းမှာပါနေတဲ့လူတွေက သူတို့ လေယာဉ်နဲ့ တရားဝင်လမ်းကြောင်းက ထွက်ဖို့ကလည်း သူတို့(စကစ)ဥပဒေအရ ထွက်လို့မရတော့ဘူး။ ဆိုတော့ ဒါက ပြည်သူလူထုကို အတင်းအဓမ္မ ဖိအားပေးနေတဲ့သဘော သက်ရောက်တယ်။ စကစရဲ့လုပ်ရပ်က သူခိုး၊ သူမြထက် စိုးတဲ့ လူ့အခွင့်အရေးချိုးဖောက်သူတွေ လူ့အခွင့်အရေးချိုးဖောက်တဲ့အုပ်စုတွေဖြစ်တယ်ဆိုတာ ရှင်းပါတယ်” ဟု ဆိုသည်။
စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေ နောက်ဆက်တွဲအနေဖြင့် အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုများ၊ အကြမ်းဖက်မှုများ၊ လူကုန်ကူးဖြစ်စဉ်များလည်း ပိုများလာနိုင်ကြောင်း မိသုတဇဝ်က ပြောသည်။
စစ်မှုထမ်းဥပဒေထွက်လာပြီးနောက် ပြည်ပသို့ တရားဝင်ရော တရားမဝင်ပါ ထွက်ခွာသူ အများအပြားရှိပြီး ၎င်းထဲတွင် အမျိုးသမီးအရေအတွက်လည်း များစွာ ပါဝင်နေသည်။
စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ စစ်မှုထမ်းရန် အသက်အကျုံးဝင်သည့် အမျိုးသား ၆ ဒသမ ၃ သန်း၊ အမျိုးသမီး ၇ ဒသမ ၇ သန်း စုစုပေါင်း ၁၄ သန်းနီးပါးရှိသည်။
စစ်မှုထမ်းနည်းဥပဒေ တရားဝင် ထွက်ပေါ်လာပြီးနောက် စစ်မှုထမ်းအသက်အကျုံးဝၚ် အမျိုးသမီးများ ပူဆွေးသောက ရောက်နေကြရပြီး အချို့ တိမ်းရှောင်သွားကြသည်ရှိသလို အချို့ကလည်း မိသားစုလိုက် ပြောင်းရွှေ့တာတွေလည်း ရှိနေသည်။