Friday, March 13, 2026
More
    spot_img
    Homeသတင်းအကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်ခံထားရသည့် သံဖြူဇရပ် ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်း ဥက္ကဌ ပြန်လွတ်လာ

    အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်ခံထားရသည့် သံဖြူဇရပ် ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်း ဥက္ကဌ ပြန်လွတ်လာ

    -

    အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ခံထားရသည့် သံဖြူဇရပ်မြို့အခြေစိုက် ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်း ဥက္ကဌ ဦးရဲမင်းထိုက် ပြန်လည်လွတ်မြောက်လာကြောင်း မိသားစုနှင့် နီးစပ်သူတို့ထံမှ သိရသည်။

    ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်း ဥက္ကဌ ဦးရဲမင်းထိုက်ကို စစ်ကောင်စီက ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူခဲ့ရာမှ ဇန်နဝါရီလ ၁၃ ရက်နေ့က ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။

    “ကိုရဲမင်းထိုက်ရဲ့ မိသားစုဝင်တွေက လက်ရှိ မွန်ပြည်နယ်ဝန်ကြီးချုပ်ထံကို အသနားခံစာအကြိမ်ကြိမ်တင်ပြခဲ့လို့၊ သက်ဆိုင်ရာက ပြန်စိစစ်ပြီးတော့ ပြန်လွှတ်ပေးလိုက်တာလို့ သိရပါတယ်” ဟု မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်း ဥက္ကဌ ဦးရဲမင်းထိုက်အပါအဝင် အသင်းဝင် ၉ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပတ်သက်ဆက်နွယ်သည်ဟုဆိုကာ စစ်ကောင်စီက ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ဖမ်းဆီးခဲ့သည်။

    ယင်းနောက် အသင်းဝင် ၆ ဦးကို ပြန်လွှတ်ပေးခဲ့သော်လည်း အသင်းဥက္ကဌ ဦးရဲမင်းထိုက်နှင့် အသင်းဝင်များဖြစ်ကြသည့် ကိုဝင်းကြည်နှင့် ကိုပူတူးတို့ ၃ ဦးကို အောက်တိုဘာလ ၉ ရက်နေ့က အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ – ၅၀ ည ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။

    လက်ရှိတွင် ဦးရဲမင်းထိုက် ပြန်လည်လွတ်မြောက်လာသော်လည်း ၎င်းနှင့်အတူ ဖမ်းဆီးခံထားရသည့် အသင်းဝင် ကိုပူတူးနှင့် ကိုဝင်းကြည်တို့ နှစ်ဦး ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်းလည်း သိရသည်။

    ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်း ဥက္ကဌအပါအဝင် အသင်းဝင်များ ဖမ်းဆီးခံရပြီးနောက် အောက်တိုဘာလ ၂၅ ရက်နေ့တွင် အသင်းကို ဖျက်သိမ်းလိုက်သည့်အပြင် သံဖြူဇရပ်မြို့ အောင်မင်္ဂလာရပ်ကွက်မှာရှိသည့် အသင်းရုံးကိုလည်း ဖြိုချဖယ်ရှားခဲ့သည်။

    သံဖြူဇရပ်အခြေစိုက် ပိုင်ရှင်မဲ့ လူမှုကူညီကယ်ဆယ်ရေးအသင်းသည် ၂၀၁၈ ခုနှစ်က ဖွဲ့စည်း တည်ထောင်ခဲ့ပြီး မြို့နယ်အတွင်းက အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ၊ လူမှုကယ်ဆယ်ရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးနေသည့် အသင်းတစ်သင်းဖြစ်သည်။

    စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်အတွင်း၌ ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် ပတ်သက်ဆက်နွယ်မှုရှိသည်ဟုဆိုကာ ကျိုက်ထို၊ မော်လမြိုင်၊ မုဒုံနှင့် သံဖြူဇရပ်မြို့နယ်မှ လူမှုကူညီကယ်ဆယ်ရေးသမားတချို့ ဖမ်းဆီးခံရကာ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks