အာဏာသိမ်းကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ထိန်းချုပ်ထားသည့်ဒေသနှင့် ပြည်ပနိုင်ငံများသို့ တိမ်းရှောင်နေကြသည့် မြန်မာနိုင်ငံသားများ ပြန်လာရန် စစ်ကောင်စီ၏ ဖိတ်ခေါ်မှုအပေါ် အယုံအကြည်မရှိကြောင်း တိမ်းရှောင်နေသူတို့က ပြောသည်။
နိုင်ငံတစ်ဝန်းက အကြောင်းအမျိုးမျိုးကြောင့် နေရပ်အသီးသီးကို ရောက်ရှိနေသူများ ပြန်လာကြရန် စစ်ကောင်စီက ပြီးခဲ့သည့် ဇန်နဝါရီလ ၃ ရက်နေ့က ထုတ်ပြန်ထားသည်။
စစ်တပ် အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း ကျောင်းသားကျောင်းသူများ၊ လူငယ်လူရွယ်များ၊ နိုင်ငံ့ဝန်ထမ်းနှင့် နိုင်ငံသားများသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနယ်မြေနှင့် ပြည်ပနိုင်ငံသို့ စိုးရိမ်စိတ်ဖြင့် တိမ်းရှောင်သွားကြသည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။
“သူတို့ဆီက ဖိတ်ခေါ်မှု ဖြစ်တဲ့အတွက် လုံးဝယုံကြည်မှုမရှိသလို ဒါဟာ အဓိပ္ပာယ်ရှိတဲ့ ဖိတ်ခေါ်မှုမျိုး မဟုတ်ဘူးလို့ ယူဆတယ်။ စကစကတော့ ဒါမျိုးလုပ်ရပ်တွေကို ဆက်ပြီး လုပ်ဆောင်နေဦးမှာပဲ။ သူတို့ရဲ့ အကျိုးအမြတ်အတွက်နဲ့ အာဏာတည်မြဲဖို့အတွက် ပြည်သူတွေကိုအသုံးချတယ်လို့ပဲ မြင်တယ်။ ကျွန်မတို့အနေနဲ့လည်း ဖက်ဒရယ်ဒီမိုကရေစီလမ်းကြောင်းထဲ မရောက်သရွေ့ အာဏာရှင်မပြုတ်ကျသရွေ့ သူတို့ကို ဆက်လက် တော်လှန်နေဦးမှာပါပဲ” ဟု ပြည်ပရောက် CDM အမျိုးသမီးဝန်ထမ်းတစ်ဦးက ပြောသည်။
၎င်းပြင် စစ်ကောင်စီက တိမ်းရှောင်နေသူများ မိမိတို့ရောက်ရှိနေသည့် နေရာတွင် လုံခြုံရေးအာမခံချက်မရှိမှု၊ လူမှုစီးပွားဘဝခက်ခဲမှုတို့နှင့် ရင်ဆိုင်နေရခြင်းကြောင့် နေရပ်သို့ ပြန်လာလိုသည့် ဆန္ဒဖြစ်ပေါ်နေသည်ဟုလည်း ထုတ်ပြန်ထားသည်။
စစ်ကောင်စီ၏ ထုတ်ပြန်ချက်အပေါ် ပြည်ပရောက်နေသည့် တော်လှန်ရေးလူငယ်တစ်ဦးက မိမိနိုင်ငံတွင်သာ ပိုပြီးခက်ခဲကြောင်း ပြောဆိုသည်။
“လက်ရှိအခြေအနေက ကျွန်တော်မြင်နေရတာပဲ။ စစ်တပ်က ပေါ်တာဆွဲတာ၊ လူတွေစစ်ဆေးတာ၊ လူစုဆောင်းရေးလုပ်တာတွေ၊ မတရားတဲ့ဥပဒေတွေကို ပြဌာန်းပြီးတော့ ဖိနှိပ်ခြိမ်းခြောက်တာတွေနဲ့ ကျွန်တော်တို့တွေ ခက်ခဲနေကြတယ်။ ဒီအခြေအနေကြောင့် စီးပွားကျဆင်းတာတွေ မလုံခြုံမှုတွေကြောင့် ပြည်ပနိုင်ငံကိုထွက်ပြီး အလုပ်အကိုင်ရှာဖွေနေရတဲ့ အခြေအနေမှာ ပြည်တွင်းထဲကို ပြန်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ တကယ့်ကို ရူးနှံတဲ့ ဖိတ်ခေါ်မှုပဲလို့ ကျွန်တော်ထင်တယ်” ဟု ၎င်းက ဆိုသည်။
တိမ်းရှောင်နေကြသူများသည် NLD ပါတီ ထောက်ခံသူများ၊ CRPH နှင့် NUG တို့အပါအဝင် ပြည်တွင်း၊ ပြည်ပက လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၏ သွေးထိုးလှုံ့ဆော်မှုနှင့် ခြောက်လှန့်မှုများကြောင့် စိုးရိမ်စိတ်ဖြင့် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။
ပြစ်မှုကျူးလွန်ထားသူများကလွဲပြီး စိုးရိမ်စိတ်ကြောင့် တိမ်းရှောင်နေရသူများအနေဖြင့်လည်း မိမိနေရပ်သို့ ပြန်လာလိုပါက နီးစပ်ရာ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီသို့ ဆက်သွယ်နိုင်သလို ပြည်ပရောက်သူများ သက်ဆိုင်ရာသံရုံး၊ စစ်သံရုံး၊ ကောင်စစ်ဝန်ရုံးကို ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်းလည်း စစ်ကောင်စီက ကြေညာထားသည်။
၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် ပြည်ပနိုင်ငံသို့ လူငယ် အများအပြား ထွက်ခွာကြကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် မတ်လကလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံကို ပြန်လာလိုသည့် ပြည်ပရောက်နိုင်ငံသား အမြောက်အမြားရှိပြီး ၎င်းတို့ ပြန်လာနိုင်အောင် အစိုးရအဖွဲ့က လုပ်ဆောင်ပေးရမည် ဖြစ်ကြောင်း နေပြည်တော်တွင်ကျင်းပခဲ့သည့် စစ်ကောင်စီအစည်းအဝေးတွင် ပြောကြားခဲ့သည်။
အလားတူ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကလည်း ပြည်ပရောက် မြန်မာနိုင်ငံသားများ ပြန်လာရန် စစ်ကောင်စီက တိုက်တွန်းခဲ့သေးသည်။