မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း စစ်ကောင်စီမှ ဖွဲ့စည်းထားသည့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်းနင်းရေးအဖွဲ့သည် စစ်ကောင်စီအဖွဲ့အတွက် လုံခြုံရေးပေးရန်သာဖြစ်နေသည်ဟု ရေးဒေသခံတို့က ဆိုသည်။
ရေးမြို့နယ်တွင် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့အတွက် ဒေသခံ ၅၀ ကျော်တို့က ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက သင်တန်းတက်ရောက်ခဲ့သည်။
“ပြည်သူ့လုံခြုံရေးတွေက သူတို့(စစ်ကောင်စီ)သုံးဖို့အတွက်လား၊ ပြည်သူတွေအတွက် သုံးဖို့လား မသေချာဘူး။ သင်တန်းက ပြီးသွားတာ ကြာပြီ။ ဒါပေမဲ့ ခုတော့ သူတို့ အိမ်ရောက်နေကြတယ်။ ရော်ဘာခြစ်တဲ့လူက ခြစ်နေကြတယ်။ ခြံအလုပ်လုပ်တဲ့သူက ပြန်လုပ်နေကြတယ်။ စစ်ကောင်စီကလည်း လုံခြုံရေးကိစ္စတွေအတွက် တာဝန်ပေးတာမရှိသေးဘူး” ဟု ရေးမြို့ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
ထို့ကြောင့် ရေးဒေသခံတို့ကြုံတွေ့နေရသည့် ခိုးဆိုးလုယက်မှုနှင့် မူးယစ်ဆေးဝါးအမှုတို့ကို အရေးယူဝိုင်းဝန်းဖြေရှင်းပေးခြင်းမရှိ ဖြစ်နေဆဲဟု ဆက်ပြောသည်။
အဆိုပါရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီက ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး သင်တန်းဆင်းတို့ကို လစာပေးဆောင်ထားခြင်း မရှိသည့်အပြင် လက်နက်ကိုင်ဆောင်ခွင့်ကို မပေးထားကြောင်း သင်တန်းဆင်းအဖွဲ့နှင့် နီးစပ်သူတို့၏ ပြောဆိုချက်အရ သိရသည်။
ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့ကို ဩဂုတ်လ (၁၆) ရက်တွင် စစ်ကောင်စီမှ ဖွဲ့စည်းကြောင်းထုတ်ပြန်ခဲ့ပြီး လက်ရှိ နိုင်ငံတစ်ဝှမ်းတွင် သင်တန်းဆင်းသူဦးရေ ၁ သောင်းအထိရှိနေပြီးဖြစ်သည်ဟု အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC) နှင့် နိုင်ငံရေးပါတီ ၅၁ ပါတီ တွေ့ဆုံဆွေးနွေးပွဲတွင် NSPPNC မှ ပြောဆိုချက်အရ သိရသည်။
အဆိုပါ သင်တန်းဆင်း ၁ သောင်းတို့တွင် လက်နက်ကိုင် လုံခြုံရေးပေးသည့်အဖွဲ့နှင့် သာမန်လုံခြုံရေးပေးသည့်အဖွဲ့ဟူ၍ ဖွဲ့စည်းထားရာ လာမည့် ၂၀၂၅ ရွေးကောက်ပွဲ လုံခြုံရေးအတွက် အသုံးပြုသွားမည်ဖြစ်သည်ဟု မွန်တိုးတက်ရေးပါတီ၏ ပါတီတည်ထောင်လိုသူ ပ-ခေါင်းဆောင်၏ ပြောဆိုချက်အရ သိရသည်။
“အဲဒီ သင်တန်းဆင်းအဖွဲ့ အယောက် ၁၀၀၀ နဲ့ လုံခြုံရေးပေးသွားမယ်ပေါ့။ ဒါ့အပြင် အခြားတိုင်းနဲ့ ပြည်နယ်တွေမှာလည်း လုံခြုံရေးဝိုင်းလုပ်ပေးဖို့ ဆန္ဒရှိတယ်ဆိုရင် ဝိုင်းဝန်းပါဝင်လို့ရတယ်ပေါ့နော် သင်တန်းလည်းပေးမယ်။ လစာပေးမယ်ပေါ့။ ခေါင်းစဉ်က အကြမ်းဖက်တိုက်ဖျက်မှု နှိမ်နင်းရေးအဖွဲ့ပေါ့။ သူတို့တွေက ရွေးကောက်ပွဲအတွက် လုံခြုံရေးပေးသွားမယ်” ဟု ပြောသည်။
ထို့အပြင် လတ်တလော တိုက်ပွဲနှင့်ကိုက်ညီသည့် လက်နက်နှင့်စစ်ပစ္စည်းတပ်ဆင်ရန်၊ ထိထိရောက်ရောက်တိုက်ပွဲ ဝင်နိုင်မည့် နည်းဗျူဟာတို့ကို လေ့ကျင့်ပေးရန်နှင့် နည်းပညာမြင့်စစ်လက်နက်ပစ္စည်းတို့ကို ကိုင်တွယ် အသုံး ပြုနိုင်ရန်အတွက် အတတ်ပညာရှင်များထည့်သွင်းဖွဲ့စည်းနိုင်ရန် ဗဟိုကြီးကြပ်မှုအဖွဲ့၏ တာဝန်ဖြစ်သည်ဟု စစ်ကောင်စီ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဖွဲ့စည်းခြင်း၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
မွန်ပြည်နယ်အတွင်းရှိ ရေး၊ ဘီးလင်း၊ ကျိုက်ထိုမြို့နယ်မှ အသက် ၃၅ နှစ်မှ ၆၅ နှစ် ကြားဒေသခံ အမျိုးသားများ ဩဂုတ်လကပင် ပြည်သူ့လုံခြုံရေးနှငီ့ အကြမ်းဖက်နှိမ်နင်းရေးအတွက် အတင်းအကြပ် လူစုဆောင်းခံနေရသည်ဟု သိရသည်။
စစ်ကောင်စီ၏ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့ ဖွဲ့စည်းရေးတွင် ပါဝင်သည့် ဘယ်သူ့ကိုမဆို အရေးယူသွားမည့်အပြင် လူစုဆောင်းပေးတာတွေကိုမလုပ်ဖို့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေး) (NMSP-AD) မှ သြဂုတ်လ ၂၉ ရက်နေ့က ထုတ်ပြန်ထားသေးသည်။