spot_img
Friday, January 16, 2026
More
    spot_img
    Homeသတင်းKIA ဖမ်းထားသည့် သတင်းထောက်နှစ်ဦးကို လွှတ်ပေးဖို့ IMJA တောင်းဆို

    KIA ဖမ်းထားသည့် သတင်းထောက်နှစ်ဦးကို လွှတ်ပေးဖို့ IMJA တောင်းဆို

    -

    ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)က ဖမ်းဆီးထားသည့် သတင်းထောက် ကိုနောင်ရိုးနှင့် ကိုတာလင်းမောင်တို့ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ လွတ်လပ်သော မြန်မာသတင်းစာဆရာများ အစည်းအရုံး (IMJA) က အောက်တိုဘာလ ၂၃ ရက်နေ့တွင် တောင်းဆိုလိုက်သည်။

    သတင်းထောက်နှစ်ဦး ဖမ်းဆီးထားရသည့်အပေါ် လွန်စွာစိုးရိမ်ပူပန်မိကြောင်းနှင့် ဒီမိုကရေစီ လူ့အဖွဲ့အစည်းအတွင်း သတင်းထောက်များ၏ အရေးပါသော အခန်းကဏ္ဍကို အသိအမှတ်ပြုသည့်အနေဖြင့် သတင်းမီဒီယာသမားများအား အကာအကွယ်ပေးထားသည့် နိုင်ငံတကာဥပဒေတွေကို လေးစားလိုက်နာပြီး အမြန်ဆုံးလွှတ်ပေးရန်လည်း IMJA တောင်းဆိုထားသည်။

    ဖားကန့်အခြေစိုက် Red News Agency ၏ သတင်းထောက် ကိုတာလင်းမောင်ကို စက်တင်ဘာလ ၂၉ ရက်နေ့က KIA တပ်ဖွဲ့ဝင်များ လာရောက်ဖမ်းဆီးခဲ့သလို ဖားကန့်အခြေစိုက် အလွတ်တန်း သတင်းထောက် ကိုနောင်ရိုးကိုလည်း စက်တင်ဘာ ၃၀ ရက်က ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

    စစ်အာဏာရှင်လက်အောက်တွင် သတင်းသမားများ ဖိနှိပ်ခံနေရသော အခြေအနေတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကပါ သတင်းသမားများကို ဖမ်းဆီးနေခြင်းသည် မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့် အဆိုးဆုံးအခြေအနေဖြစ်နေသည်ကို ဖော်ပြခြင်းဖြစ်ကြောင်း IMJA ဒုဥက္ကဋ္ဌ ကိုနိုင်က ပြောသည်။

    “အဓိကတော့ ဒါမဖြစ်သင့်တဲ့ ကိစ္စပေါ့နော်၊ ကျနော်တို့ ဒီစစ်အာဏာရှင်ကို ကြောက်ရွံ့ပြီးတော့ စစ်အာဏာရှင်လက်အောက်မှာ သတင်းသမားတွေ အကြီးအကျယ် ဖိနှိပ်ခံနေရတဲ့အချိန်မှာ ဒီလို လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ KIA တို့လို KNU တို့လို အဖွဲ့အစည်းတွေက သတင်းသမားတွေကို ထပ်ပြီးတော့ ဖမ်းတာ၊ ဆီးတာ လုပ်တဲ့ဟာ ကျနော်တို့ မြန်မာနိုင်ငံရဲ့ သတင်းစာလွတ်လပ်ခွင့် အခြေအနေရဲ့ အဆိုးဆုံးအခြေအနေကို ဖော်ပြနေတယ်လို့ပဲ ကျနော်က ထင်တယ်ပေါ့နော်။ အင်မတန် မလုပ်သင့်တဲ့ အနေအထားပေါ့။ တကယ်တမ်းကျတော့ မြေပြင်မှာ ရှိနေတဲ့ သတင်းသမားတွေဟာ အထူးသဖြင့် ကချင်ပြည်နယ်မှာလို ပဋိပက္ခရှိနေတဲ့ ဒေသက သတင်းသမားတွေဟာ မလုံခြုံမှုကြားကပဲ သတင်းတွေကို အစဉ်အဆက် တင်ဆက်နေကြတယ်ပေါ့နော်။ အဲဒီအတွက် ကျနော်တို့က ထောက်ခံအားပေးတယ်။ ဒါပေမဲ့ အခုလို ဖမ်းဆီးတဲ့အခါကြတော့ သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီးတော့ ပိုပြီးတော့ အဟန့်အတားဖြစ်စေတယ်ပေါ့နော်။ အဲဒီလို သတင်းလွတ်လပ်ခွင့်ကို အဟန့်အတား ဖြစ်တဲ့ဟာက လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်သလို ကျနော်တို့ရဲ့ သတင်းစာ စားသုံးတဲ့ ပြည်သူတွေအနေနဲ့လည်း သတင်းမှန်ကို သိခွင့်မရဘူးလို့ ယူဆတယ်။ အဲဒီအတွက်ကြောင့် KIO အနေနဲ့ ကျနော်တို့ရဲ့ သတင်းသမားတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့အတွက် ကျနော်တို့ တောင်းဆိုထားတယ်။ အဲဒီတောင်းဆိုစာကို ကျ‌နော်တို့ ထုတ်ပြန်ထားတာ ရှိပါတယ်ဗျ” ဟု ၎င်းက ပြောသည်။

    ကိုနောင်ရိုးနှင့် ကိုတာလင်းမောင်တို့ သတင်းထောက်များသည် ပဋိပက္ခဖြစ်ပွားနေသည့် အချိန်တောင် သတင်းလွတ်လပ်စွာ စီးဆင်းမှုအတွက် မရှိမဖြစ်လိုအပ်သည့် အလုပ်တာဝန်များကို ဆောင်ရွက်နေကြသည့်အပြင် KIA အပါအဝင် ဘက်ပေါင်းစုံက အသံများကို ကမ္ဘာနှင့်အဝှမ်း ကြားသိလာစေရန်၊ အမှန်တရား ပေါ်လွင်စေရန် ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ယုံကြည်မိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ဂျီနီဗာသဘောတူညီချက်များနှင့် လုပ်ထုံးလုပ်နည်းများအရ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေအောက် ပဋိပက္ခဇုန်များတွင် လုပ်ဆောင်နေသည့် သတင်းထောက်များကို အရပ်သားအဖြစ် သတ်မှတ်ခံရမည်ဖြစ်ပြီး ၎င်းတို့၏ လုံခြုံရေးနှင့် အကာအကွယ်သည် အရေးကြီးဆုံးဖြစ်ကြောင်း ၎င်းတို့သည် မတရားဖမ်းဆီးခြင်း သို့မဟုတ် ထိခိုက်မှုမှ ကင်းဝေးရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

    သတင်းသမားများကို ဖမ်းဆီးထိန်းသိမ်းခြင်းသည် ၎င်းဥပဒေပါ အကာအကွယ်များကို ချိုးဖောက်ရုံသာမက အများပြည်သူ သိပိုင်ခွင့်ရှိသော အရေးကြီးသည့် အချက်အလက်များကိုပါ ဖိနှိပ်ချုပ်ချယ်ခြင်းဟု ယူဆမိကြောင်း IMJA က ဆိုထားသည်။

    မိမိတို့ သတင်းသမားနှစ်ဦးကို အမြန်ဆုံးလွတ်ပေးရန်နှင့် မည်သည့်အတွက်ကြောင့် ဖမ်းဆီးထားသည်ဆိုသည်ကိုလည်း တရားဝင် ပြောပေးရန် တောင်းဆိုကြောင်း Red News Agency ၏ အယ်ဒီတာချုပ် ကိုဝင်းဇော်နိုင်က ပြောသည်။

    “ကျနော်အဓိက ပြောချင်တာက ကျနော်တို့ ပြောနေတဲ့ဟာပဲ အဓိကတော့ အမြန်ဆုံးလွတ်ပေးဖို့ပေါ့နော်၊ တစ်အချက်က အမြန်ဆုံးလွတ်ပေးဖို့၊ နောက်တစ်ခုကတော့ ဒီသတင်းသမား နှစ်ဦးကို ဘာကြောင့် သူတို့ ဖမ်းဆီးပါတယ်ဆိုတဲ့ဟာကို မီဒီယာတွေကနေ တဆင့် တရားဝင်ပြောပြဖို့ တောင်းဆိုချင်ပါတယ်လို့ ပြောချင်ပါတယ်” ဟု ၎င်းက ပြောသည်။

    သတင်းသမားနှစ်ဦးကို KIA က ဖမ်းဆီးသွားခြင်းနှင့် ပတ်သက်၍ KIA ထံ အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း တစ်စုံတစ်ရာ လက်ခံပြောဆိုခြင်း မရှိကြောင်း ၎င်းက ပြောသည်။

    မြန်မာနိုင်ငံအနာဂတ်မှာ အရေးပါသော အစုအဖွဲ့တစ်ခုဖြစ်ပြီး ဒီမိုကရေစီကို တန်ဖိုးထားလေးစားသည့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အနေဖြင့်လည်း သတင်းမီဒီယာသမားများ၏ အခွင့်အရေးများကို လေးစားတန်ဖိုးထားပြီး မရှိမဖြစ်လိုအပ်သော သတင်းထောက်များ၏ လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်နိုင်ရန် ပံ့ပိုးပေးခြင်းအားဖြင့် အားကောင်းသည့် စံနမူနာပြနိုင်မည်ဆိုတာကို ယုံကြည်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ကိုနောင်ရိုးနှင့် ကိုတာလင်းမောင်တို့ကို ချက်ခြင်းပြန်လွှတ်ပေးရန်နှင့် နောက်ထပ် အဟန့်အတားမလုပ်ဘဲ သတင်းလုပ်ငန်းများ ဆက်လက် လုပ်ကိုင်ခွင့်ပြုပေးရန်လည်း လေးစားစွာ မေတ္တာရပ်ခံအပ်ကြောင်းနှင့် ပိုမိုကောင်းမွန်သည့် နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးပွားလာစေရန် အတွက် မီဒီယာအသိုက်အဝန်းနှင့် အပြုသဘောဆောင်သော တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ရန် ကိုလည်း ဖိတ်ခေါ်ကြောင်း IMJA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    KIA ဖမ်းဆီးခြင်း ခံထားရသော ကိုနောင်ရိုးနှင့် ကိုတာလင်းမောင်တို့ သတင်းထောက်နှစ်ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးရန် သတင်းသမားများ ကာကွယ်ရေး ကော်မတီ (CPJ) ကလည်း အောက်တိုဘာ ၂၂ ရက်တွင် ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts