နိုင်ငံခြားငွေစျေးလိုက်ပြီး ဆက်တိုက်မြင့်တက်ခဲ့သည့် ကုန်စျေးနှုန်းသည် ယခု နိုင်ငံခြားငွေစျေး ပြန်ကျလာသော်လည်း ကုန်စျေးနှုန်းများ ပြန်မကျသည့်အပေါ် ဝေဖန်ပြောဆိုမှုလည်း ရှိနေသည်။
ပြီးခဲ့သည့် သြဂုတ်လအတွင်းက ပြင်ပပေါက်ဈေးကွက်တွင် အမေရိကန်တစ်ဒေါ်လာ ကျပ် ၇ ထောင်နီးပါးထိ စံချိန်တင်မြင့်တက်ခဲ့ရာမှ စက်တင်ဘာလဒုတိယအပတ်အတွင်းမှာ တစ်ဒေါ်လာ ၄၅၀၀ ကျပ်ဝန်းကျင် ပြန်ကျသွားခဲ့သည်။
အလားတူ ထိုင်းဘတ်စျေးနှုန်းလည်း မြန်မာကျပ်ငွေတစ်သိန်းလျှင့် ထိုင်းဘတ် ၅၀၀ ဝန်းကျင်ထိဖြစ်ခဲ့ရမှာ လက်ရှိတွင် မြန်မာကျပ်ငွေတစ်သိန်းလျှင် ထိုင်းဘတ် ၇၀၀ ဝန်းကျင်ထိ ပြန်ကျသွားသည်။ နိုင်ငံခြားငွေစျေးငွေစျေးမြင့်တက်မှုနှင့်အတူ ကုန်စျေးနှုန်းလည်း ပုံမှန်ထက် စျေးနှစ်ဆခန့် မြင့်လာခဲ့သည်။
လက်ရှိတွင် နိုင်ငံခြားငွေစျေး ဆက်တိုက်ကျနေသော်လည်း အခြေခံစားသောက်ကုန်များ အသုံးအဆောင်ပစ္စည်းနှင့် အခြားကုန်စည်အမျိုးမျိုးတို့ကို တက်ဈေးအတိုင်း ဝယ်ယူနေရသည့်အပေါ် အိမ်ရှင်မတို့ ပြောဆိုသံကို ကောက်နှုတ်ဖော်ပြထားသည်။
ရေးမြို့မှ အိမ်ရှင်မတစ်ဦး
“ဈေးနှုန်းတွေမကျတာက ရင်ဆိုင်ရမှာက အကုန်လုံးပဲ။ အဆင်မပြေဘူးကွယ် ဘယ်လိုမှအဆင်မပြေနေဘူး။ ဝင်ငွေနဲ့ ထွက်ငွေနဲ့မမျှနေဘူး။ အခြေခံလစာဆိုရင် တစ်ရက်ကို ၈၀၀၀ လောက်ပဲရှိတဲ့ဟာကို အသုံးစရိတ်ကတော့ ၃၀၀၀၀ လောက်မှ တစ်နေ့တစ်နေ့လောက်တာ။ အကုန်လုံးက မီးဖိုချောင်အတွက်ပဲ ပူနေရတယ်။ ဒါတွေက အခြေခံစားသောက်ကုန်တွေနော်။ မီးဖိုချောင်းသုံးပစ္စည်းကိုတောင် ဝယ်လို့မနိုင်ဘူး။ အခြားဟာဆို လူတန်းစေ့နေနိုင်အောင် အကုန်လုံးတွေးပူနေကြရတယ်။ စားဖို့ဝမ်းစာတောင် ဖြေရှင်းဖို့အနိုင်နိုင်၊ အခြေခံဝန်ထမ်းရော အခြေခံအလုပ်သမားတွေရော တစ်ရက်လုပ်အားခက ၁ သောင်းမပြည့်ဘူးလေ။ ဒါမဲ့ အသုံးစရိတ်ကကျတော့ ဆီဖိုး ရေဖိုး ဆန်ဖိုး အစရှိသဖြင့်ပေါ့ ၁ သောင်းမကဘူး ကုန်တယ်။ ရေရှည် ဘယ်လိုအဆင်ပြေမလဲ။ အခုက အကုန်လုံးက လောက်လောက်ငှငှနဲ့ ချွေတာစားနေတာတောင် မလောက်နေဘူး။ အခုဆို ရွာတိုင်းလိုလို ရပ်ကွက်တိုင်းလိုလို မြို့တိုင်းတွေမှာ သူခိုးတွေအရမ်းပေါလာတယ်။ ဘာဖြစ်လို့လဲဆိုတော့ စားဖို့သောက်ဖို့မရှိတော့ ဝင်ငွေလည်းမလောက် ထွက်ငွေလည်းများနေတော့ ခိုးရုံကလွဲလို့ ဘာအလုပ်ရှိအုံးမလဲပေါ့။ သူခိုးတွေလည်း တော်တော်များလာတယ်”
မော်လမြိုင်မြို့မှ အိမ်ရှင်မတစ်ဦး
“ငွေဈေးက ဒီလောက်လေးကျတာကို ကျတယ်လို့ ပြောလို့မရသေးဘူး။ ငွေဈေး စတက်တုန်းက ၁၀၀ ကျော်ကျော်ကနေ တက်သွားလိုက်တာ ၅၀၀ နားကပ်တယ်။ အဲ့ဒါ ၃ လ ၄ လ အတွင်းမှာ ဖြစ်သွားတာ။ ကုန်ဈေးနှုန်းတွေက မြန်မာပြည်ရဲ့ ထုံတမ်းအတိုင်း တက်ပြီး ပြန်မကျဘူးလေ။ မြန်မာငွေပြန်တက်ဆိုတာက နည်းနည်းလေးပဲတက်သေးတာ စောင့်ကြည့်ရဦးမှာ။ ဒီမှာက ဘယ်လိုဖြစ်နေလည်းဆိုတော့ ကုန်ဈေးနှုန်းတွေ မကျတဲ့အပြင် ပိုက်ဆံရှိရင်တောင်မှ ဝယ်လို့မရတဲ့အခြေအနေ ပစ္စည်းတွေပါ ပြတ်နေတာ။ သာမန်ကုန်စုံဆိုင်မပြောနဲ့ စူပါမားကတ်လို နေရာမှာတောင် ပစ္စည်းတွေမစုံဘူး။ လိုသလောက် ဝယ်လို့မရဘူး။ အကန့်အသတ်နဲ့ဖြစ်လာတယ်။ တစ်ဦးကို ၃ ထုပ်ပဲ ဝယ်ယူခွင့်ရှိမျိုးတာတွေပါ ဖြစ်လာတယ်။ ပြည်သူတွေက နစ်နာပြီး နစ်နာပြန်ပဲ”
ရေးမြို့နယ်အတွင်းက အိမ်ရှင်မတစ်ဦး
”ဈေးနှုန်းတွေက ပြန်ကျနေပေမယ့် ဆိုင်ရှင်တွေက ဈေးမချတော့ အိမ်ထောင်စုတွေအတွက် အခက်အခဲအများကြီးရှိတယ်။ ဥပမာဆို ရွှေတွေက ဈေးမကျဘူး။ ကျွန်မတို့နေ့တိုင်းဝယ်ယူ စားသုံးနေရတဲ့အရာမဟုတ်လို့ ကိစ္စမရှိဘူး။ ရတယ်။ ဆန်၊ဆီ၊ဆားတို့ဆို အခြေခံလူတန်းစားကအစ နေ့တိုင်းဝယ်ယူစားသုံးနေရတယ်။ တစ်နေ့ကို တစ်အိမ်မှာ ၂၀၀၀၀ ပဲ ငွေဝင်နေတယ်ဆိုပါတော့။ အိမ်ထောင်စုတစ်ခုလုံးစားလို့မလောက်ဘူး။ ဘာလို့လဲဆို ဆီတစ်ထုပ်ကို ၁ သောင်းကျပ်ပေးရတယ်။ အဲ့လိုဆို ကြာလာရင် အဆင်မပြေဘူးပေါ့လေ။ ဆီဆိုလည်း ဈေးကျနေပြီး ၈၀၀၀ တောင်မပြည့်တော့ဘူး။ ဒါပေမဲ့ ၁ သောင်းပေးပြီး ဝယ်နေရတုန်းပဲ။ ဘယ်လိုဖြစ်လာလဲဆို ငါးခါစားရမယ်အရာကို နှစ်ခါပဲစားရတော့တယ်။ ကျွန်မတို့အိမ်ဆို တစ်ရက်ကို ငွေ ၃ သောင်း ၄ သောင်းဝင်ပေမယ့် အိမ်ထောင်စုများတော့ မလောက်ဘူး။ ငွေဈေးတက်ချိန်ဆို တက်ဈေးအတိုင်းဝယ်နေရပြီး ငွေဈေးကျလည်း တက်ဈေးအတိုင်းပဲ ပြန်ဝယ်နေရတော့ ပြည်သူတွေက နာသထက် နာနေတယ်ပေါ့"