ကရင်နီပြည်နယ် (ကယားပြည်နယ်)၊ လွိုင်ကော်မြို့ကို စက်တင်ဘာလ ၄ ရက်နေ့က လာရောက်ခဲ့သည့် စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ခရီးစဉ်ကို တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ကြောင်း ကရင်နီတပ်မတော် KA က ပြောသည်။
စစ်ခေါင်းဆောင်က လွိုင်ကော်မြို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) တွင် ရောက်နေချိန် တော်လှန်ရေးတပ်ဖွဲ့တို့က လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

KA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဘုန်းနိုင်က “တိုက်ခိုက်တာတော့ဟုတ်ပါတယ်။ ဒါပေမယ့် မထိလိုက်ဘူးလေ။ သူတို့ဘက်က လုံခြုံရေးကလည်း တင်းကြပ်ထားတာကို။ အဓိက မင်းအောင်လှိုင်လာတာက သူတို့ကနယ်မြေအေးချမ်းနေပါတယ်ဆိုတာကိုပြချင်တာပါ” ဟု ပြောသည်။
တိုက်ခိုက်မှုကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ၏ လက်နက်ကြီးတပ်မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သေးကြောင်း သိရသည်။
စစ်ကောင်စီလက်အောက်ခံ မီဒီယာမှာတော့ စစ်ခေါင်းဆောင် လွိုင်ကော်ခရီးစဉ်တွင် အစိုးရအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူအချို့နှင့် ပြည်နယ်ခန်းမတွင် တွေ့ဆုံခဲ့ကြောင်း ဖော်ပြထားသည်။
ထိုသို့တွေ့ဆုံစဉ် စစ်ခေါင်းဆောင်က သန်းခေါင်စာရင်းကောက်ယူနိုင်ရေးကိစ္စ၊ သိမ်းပိုက်ခံရသည့် မြို့များ ပြန်လည်ရယူနိုင်ရေးနှင့် KNDF အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များကြောင့် မြို့များပျက်စီးခဲ့ရကြောင်းကို ပြောဆိုခဲ့ကြောင်း ဖော်ပြသည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြီးခဲ့သည့်လကတည်း မန္တလေး၊ တောင်ငူ၊ တောင်ကြီး၊ ဆီဆိုင်မြို့တို့ကို ကိုယ်တိုင်သွားရောက်ကာ သန်းခေါင်စာရင်းကောက်ယူရေးအကြောင်းပြောဆိုပြီး သန်းခေါင်းစာရင်းကောက်ယူရာတွင် ပြည်သူများပူးပေါင်းရန် အဓိကပြောဆိုခဲ့သည်။
လွိုင်ကော်မြို့တွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်းက စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲများပြင်းထန်ခဲ့ကြပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က သာလွန်အင်အားဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် မြို့ကို စစ်ကောင်စီက ဆက်လက်ထိန်းချုပ်ထားနိုင်ခဲ့သည်။