မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် အလုပ်အကိုင်ရရှိရန် ခက်ခဲခြင်း၊ အလုပ်လက်မဲ့များပြားလာခြင်း၊ ကုန်ဈေးနှုန်းမြင့်တက်ပြီး ဆင်းရဲမွဲတေမှုမြင့်တက်လာခြင်းနှင့် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် လူငယ်များ ပြည်ပထွက်ခွာရန် တွန်းအားဖြစ်စေသည်ဟု ပြည်ပရောက်မြန်မာလူငယ်တို့က ပြောသည်။
နိုင်ငံအတွင်း အလုပ်အကိုင်ရရှိရန် ခက်ခဲလာသည့်အပြင် ငွေကြေးဖောင်းပွပြီး ကုန်ဈေးနှုန်းအဆမတန်မြင့်တက်မှုဒဏ်ကို အကြီးအကျယ်ခံစားနေရချိန်တွင် လူငယ်များအတွက် အိမ်မက်သည် ပြည်ပတွင် အလုပ်လုပ်ခွင့် ရရှိရေး ဖြစ်လာခဲ့သည်။
“ကျနော်တို့နိုင်ငံမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ မရှိတော့ဘူး။ အလုပ်အကိုင်အခွင့်အလမ်းတွေ ရှားပါးလာတယ်။ အဲဒီတော့ အလုပ်လုပ်ချင်တဲ့အတွက် ထိုင်းကို ထွက်လာတာ ဖြစ်တယ်။ ပြီးတော့ စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက်ပိုင်း စစ်မှုမထမ်းချင်တဲ့ အချက်လည်း ပါပါတယ်။ ထိုင်းမှာက အခုလက်ရှိပြဿနာက အလုပ်သမားအင်အားက အရမ်းများလာတယ်။ ပေးနိုင်တဲ့အလုပ်က နည်းလာတာ တွေ့တယ်။ တချို့က အလုပ်မရဘဲနဲ့ လာပြီးတော့မှ ဒီတိုင်းပဲ ဖြစ်သလိုနေနေရတဲ့ လူတွေလည်း အများကြီးပဲ” ဟု ထိုင်းနိုင်ငံရောက် လူငယ်တစ်ဦးက ပြောသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအတွင်း ပြည်ပရင်းနှီးမြုပ်မှုများ ထွက်ခွာခြင်း၊ အသစ်ဝင်ရောက် မရင်းနှီးမြုပ်နှံခြင်း၊ စီးပွားရေးအခွင့်အလမ်းများ လျော့ကျခြင်း၊ လုပ်ငန်းများ မတိုးချဲ့နိုင်ခြင်းနှင့် လုပ်ငန်းများ ရပ်ဆိုင်းလာခြင်းတို့ကြောင့် အလုပ်လက်မဲ့ဦးရေ အဆမတန် တိုးပွားလာခဲ့သည်။
ထို့ကြောင့် နှစ်စဉ် ဘွဲ့ရလူငယ် သိန်းနှင့်ချီ ထွက်ရှိနေသော်လည်း အလုပ်အကိုင် အခွင့်အလမ်းကောင်းများ မရရှိခဲ့ပေ။
“ကျမတို့နိုင်ငံ အခြေအနေက ပိုပိုဆိုးရွားလာနေတယ်။ အလုပ်အကိုင်ရှားပါးတာကတော့ မပြောနဲ့တော့၊ လုံးဝကို ဆိုးရွားလာနေတယ်။ ဘွဲ့ရပြီးတော့လည်း နေရာမပေးနိုင်ဘူး။ အခုကလည်း ငွေတန်းဖိုးကလည်း ကျနေတယ်၊ ကုန်ဈေးနှုန်းကလည်း တအားထိုးတက်နေတော့ သူများနိုင်ငံမှာ လာလုပ်စားရတာပေါ့” စင်ကာပူနိုင်ငံရောက် လူငယ်အမျိုးသမီးတစ်ဦးက ပြောသည်။
လက်ရှိတွင် အလုပ်အကိုင်အခွင့်အလမ်းသစ်များ မရှိခြင်း၊ လုပ်အားခမှ ဝင်ငွေထွက်ငွေများ မမျှတခြင်း၊ လူငယ်တို့အတွက် သင့်တော်သည့် ဝင်ငွေရလမ်းနှင့် အလုပ်အကိုင်ဖန်တီးပေးနိုင်မှုများ မရှိတော့ဟု ဆိုသည်။
မလေးရှားနိုင်ငံရောက် လူငယ်တစ်ဦးကလည်း “လက်ရှိအခြေအနေက ကုမ္မဏီတစ်ခုခုမှာပဲ ဖြစ်ဖြစ်၊ အဖွဲ့အစည်းတစ်ခုခုမှာပဲ ဖြစ်ဖြစ်၊ အလုပ်အကိုင်ရဖို့က တအားခက်ခဲတာ။ အဲကြောင့် နိုင်ငံခြားထွက် လာတာ။ မြန်မာပြည်မှာတော့ အလုပ်လုပ်နေတာပဲ၊ ဒါပေမဲ့ သုံးစွဲရတာ လုံလောက်မှု မရှိဘူး။ အဲကြောင့် လူငယ်တွေ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းတို့၊ မလေးရှား၊ စင်ကာပူတို့ တအားထွက်လာကြတယ်။ အခုကလည်း ကုန်ဈေးနှုန်းတွေက အဆမတန် တက်နေတာ၊ အဲတော့ စားဝတ်နေရေးက လုံးဝကို အဆင်မပြေတော့တာ။ တစ်နေ့နေ့ စားနိုင်ဖို့တောင် မနည်းရုံးကန်နေကြရတယ်” ဟု ပြောသည်။
ယင်းအခြေအနေကြောင့် လူငယ်များ ပြည်ပ ထွက်ခွာခွင့်ရရှိရန်အတွက် တရားဝင်လမ်းကြောင်းဖြင့် ကြိုးစားကြသလို တရားမဝင်လမ်းကြောင်းဖြင့်လည်း လူငယ်များ ပြည်ပထွက်ခွာရန် ကြိုးစားလာကြသည်ဟု ဆိုသည်။
တစ်ဘက်တွင်လည်း စစ်ကောင်စီက နိုင်ငံအတွင်း လုပ်သားရှားပါးလာခြင်း၊ နိုင်ငံခြားကို လုပ်အားယိုစိမ့်မည်ဆိုသည့်အကြောင်းပြချက်ဖြင့် ပြည်ပထွက်လူငယ်များကို ပိတ်ပင်တားဆီးခြင်း၊ ကန့်သတ်ခြင်းများ ဆက်တိုက်လုပ်ဆောင်လာခဲ့သည်။
