ပဲခူးတိုင်း ဒိုက်ဦးထောင်တွင် ကျိုက်မရောနှင့် အင်းစိန်ထောင်မှ ပြောင်းရွှေ့ခံထားရသည့် နိုင်ငံရေးအကျဉ်းသူ ၇ ဦးကို အကျဉ်းဦးစီးတာဝန်ရှိဝန်ထမ်းတို့က အင်အားသုံးရိုက်နှက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိပြီး လုံခြုံရေးအခြေအနေလည်း စိုးရိမ်နေရသည်ဟု သိရသည်။
ဒိုက်ဦးထောင်တွင် နှစ်ပွင့်အရာရှိအမျိုးသမီး စန်းနွယ်ဦးဆိုသူနှင့် တစ်ပွင့်အရာရှိ သဇင်မြင့်ဆိုသူတို့မှ ကျိုက်မရောထောင်မှပြောင်းရွှေ့လာသည့် နိုင်ငံရေးအကျဉ်းသူ ၃ ဦး၊ အင်းစိန်ထောင်မှ၂ ဦး၊ ဒိုက်ဦးထောင်အတွင်းရှိ နိုင်ကျဉ်းသူ ၂ ဦး စုစုပေါင်း ၇ ဦးခန့်ကို ဥပဒေမဲ့ရိုက်နှက်ထားသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် PPNM မှ ဦးဆောင် ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။
အကျဉ်းထောင်တာဝန်ရှိသူတို့က နိုင်ကျဉ်းသူ ၇ ဦးခန့်ကို အဓိကဦးတည်ပြီးရိုက်နှက်နေကြောင်းနှင့် အဆိုပါရိုက်နှက်ခံရသူများအထဲတွင် ဆေးဝါးကုသမှုခံယူနေရသည့်အမျိုးသမီးတစ်ဦးပါဝင်နေပြီး ဒဏ်ရာပြင်းထန်ရရှိသည့် နိုင်ကျဉ်းသူများလည်းရှိကြောင်း ၎င်းကပြောသည်။
“ဗိုက်အောင့်ရောဂါနဲ့ ကျန်းမာရေးကိစ္စ အရဆေးဝါးကုသမှုခံနေရတဲ့ အမျိုးသမီးတစ်ဦးကအဲ့လိုရိုက်နှက်ခံရလို့ နာကျင်တဲ့ ဝေဒနာခံစားရတာပေါ့၊ ဒဏ်ရာပြင်းထန်ရသွားတဲ့သူရှိတယ်။ ဆေးရုံးတက်ရလောက်အထိတော့ မပြင်း ထန်ပေမဲ့ အဓိက ၇ယောက် ၈ ယောက်ကိုပဲဦးတည်လုပ်နေတယ်။ အခြားနိုင်ကျဉ်းတွေက လေးခွနဲ့ပစ်ခံရပြီး ဒဏ်ရာရသွားတာရှိတယ် ” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လ ၉ ရက်နေ့က ကျိုက်မရောထောင်မှနိုင်ကျဉ်းသူတစ်ဦး၏ မိသားစုဧည့်တွေ့မှပါလာသည့်ပစ္စည်းတွင် တရားမဝင်ပစ္စည်းပါလာသည်ဆိုသည့် စွပ်စွဲချက်ဖြင့် အကျဉ်းဦးစီးဝန်ထမ်းအမျိုးသား အင်အား ၅၀ ခန့်နှင့် အမျိုးသမီးဝန်ထမ်း ၇ ဦးတို့က နိုင်ကျဉ်းသူအဆောင်သို့ လေးခွ၊ ရာဘာတုတ်၊ ကျဉ်စက်များကိုင်ဆောင်၍ ဝင်ရောက်ပြီး ယင်းနိုင်ကျဉ်းသူကိုခေါ်ဆောင်သွားခဲ့ကြောင်း PPNM မှ ထိုနေ့တွင် ထုတ်ပြန်ထားသည်။
ထိုသို့ အင်အားသုံး ဥပဒေမဲ့ရိုက်နှက်ဆွဲခေါ်မှုအပေါ် လက်မခံသည့်နိုင်ကျဉ်းသူ အမျိုးသမီးများ ခေါ်ဆောင်မှုကိုဝိုင်းဝန်းကာကွယ်ပေးနေသည်ဟုဆိုကာ အခြားနိုင်ကျဉ်းသူများကိုပါ ဝန်ထမ်းအင်အား (၅၀) ခန့်က ဝိုင်းဝန်းရိုက်နှက်ထားသည့်အတွက် ဒဏ်ရာရရှိသည့် နိုင်ကျဉ်းသူ ၇ ဦး အသက်အန္တရာယ် နှင့် လုံခြုံရေးအခြေအနေစိုးရိမ်နေရသည်ဟု ထုတ်ပြန်ထားသည်။
၎င်းအပြင် ဒိုက်ဦးထောင်သို့ပြောင်းရွှေ့ခံထားရသည့် ကျိုက်မရောအကျဉ်းထောင်မှနိုင်ကျဉ်းနှင့် အင်းစိန်ထောင်မှ နိုင်ကျဉ်းများထံ ပုံစံကြေး(ငွေကြေး) တစ်သိန်းအထိ တောင်းခံနေပြီးမပေးဆောင်နိုင်သူတို့ကို ဥပဒေမဲ့စစ်ဆေးမေးမြန်းရိုက်နှက်နေသည်ဟု PPNM မှ သြဂုတ်လ ၁၅ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် ဇွန်လတွင်လည်း ဒိုက်ဦးအကျဉ်းထောင်း၌ နိုင်ငံရေးအကျဉ်းသူ ၈၀ ကျော်ကို ထောင်အာဏာပိုင်များက ရိုက်နှက်ခဲ့ရာ အမျိုးသမီး ၅ ဦးဒဏ်ရာရရှိခဲ့ပြီး ၃၀ ကျော်တိုက်ပိတ်ခံရဖူးကြောင်းသိရသည်။
