spot_img
Thursday, December 19, 2024
More
    spot_img
    Homeဆောင်းပါးတရုတ်အထူးကိုယ်စားလှယ်ခရီးစဉ် တိုက်ပွဲအပေါ် သက်ရောက်လာနိုင်လား

    တရုတ်အထူးကိုယ်စားလှယ်ခရီးစဉ် တိုက်ပွဲအပေါ် သက်ရောက်လာနိုင်လား

    -

    ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲပြင်းထန်နေချိန် တရုတ်နိုင်ငံခြားရေးဝန်ကြီး အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီးကျွင်းက မြန်မာပြည်ကို လာရောက်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

    ဩဂုတ်လ ၃ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အခြေစိုက် စစ်ကောင်စီ၏ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) ကျပြီးနောက် ဩဂုတ်လ ၅ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မိန့်ခွန်းထွက်ပြောခဲ့သည်။

    ယင်းနောက် ဩဂုတ်လ ၈ ရက်နေ့က တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် ကျင်းပမည့် စစ်ကောင်စီ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် ညီနောင်မဟာမိတ်တို့၏ ဟိုင်ဂင်ဆွေးနွေးပွဲ ပျက်သွားခဲ့သည်။

    မစ္စတာ တိန့်ရှီးကျွင်းနှင့် စစ်ခေါင်းဆောင်တို့ တွေ့ဆုံဆွေးနွေးခဲ့သော်လည်း တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေမည်ဟု မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ပြောသည်။

    “ဘယ်လိုလုပ် ဖြစ်နိုင်မလဲ၊ စစ်ကောင်စီက လျော့မှ မလျော့တာ၊ တကယ်လို့ စစ်ကောင်စီရော၊ မြောက်ပိုင်းအဖွဲ့ရော ၁၀၂၇ ဆွေးနွေးပွဲတုန်းက အပစ်အခတ်ရပ်စဲတာက အဲဒီက အဖွဲ့တွေ အာလုံးရော စစ်ကောင်စီရော ဟိုင်ဂင်မှာ ဆွေးနွေးပြီး သဘောတူလို့တာ ရပ်လို့ရတာလေ၊ အခု စစ်ကောင်စီက နည်းနည်းမှ မလိုက်လျော့တာ သူက ဟိုင်ဂင်ဆွေးနွေးပွဲ တရုတ်က ဖိတ်တာလည်း မတက်ဘူးလေ။ အဲဒီတော့ တိုက်ပွဲတွေက ဆက်ဖြစ်နေမှာပဲဗျ” ဟု ၎င်းက ပြောသည်။

    မစ္စတာ တိန့်ရှီးကျွင်းနှင့် စစ်ခေါင်းဆောင်တို့ နေပြည်တော်တွင် တွေ့ဆုံကာ သံတမန်ဆက်ဆံရေး၊ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးဆိုင်ရာ ကိစ္စရပ်များ၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကိစ္စရပ်များကို ဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

    ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းတွင် ရှမ်းမြောက်နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လားရှိုး၊ ကျောက်မဲ၊ မိုးမိတ်၊ နောင်ချို၊ မိုးကုတ်၊ မတ္တရာနှင့် စဉ့်ကူးတို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) နှင့် တော်လှန်ရေး အင်အားစုများက သိမ်းပိုက်ရရှိခဲ့သည်။

    လက်ရှိတွင်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ သီပေါမြို့ကို TNLA၊ MNDAA ပူးပေါင်းမဟာမိတ်တို့က တိုက်ခိုက်နေကြောင်း သိရသည်။

    တရုတ်အနေဖြင့် မြန်မာပြည်တွင် ၎င်းတို့၏ စီမံကိန်းကို ဆက်လက်လုပ်ဆောင်လိုသည်ဟု ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါနေသူ စဝ်ခွန်းဆိုင်က ပြောသည်။

    “တရုတ်ကတော့ သူက ဘယ်နည်းနဲ့မဆို သူ့အတွက် အရေးကြီးတာက နှစ်ချက်ရှိတယ်၊ တစ်ချက်ကတော့ ဘာလဲဆိုတော့ သူ့ရဲ့စီးပွားရေးအတွက် လုပ်ဆောင်နေတဲ့ စီမံကိန်းတွေကို ဒီစီမံကိန်းတွေကို ဆက်ပြီးတော့မှ ဆက်ပြီးမှ လုပ်ချင်နေတာ ဒါဟာ‌ သေချာပါတယ်။ နံပတ်နှစ်ကလည်း သူက အခုလောလောဆယ်မှာ ပထဝီနိုင်ငံရေး ယှဉ်ပြိုင်မှုတွေက များတဲ့အခါကြတော့ ကျနော်တို့ ဗမာပြည်လိုမျိုး သေနင်္ဂမဟာဗျူဟာအရ အချက်အချာကျတဲ့ တိုင်းပြည်၊ ဒီတိုင်းပြည်ကို ငြိမ်းချမ်းစေချင်တယ်၊ ဘယ်ဖက်မှ မပါစေချင်ဘူးဆိုတာ သေချာတယ်၊ ဒါပေမဲ့ နောက်ဆုံး တစ်ကယ်လို့ အကျပ်အတည်း ရောက်လာပြီဆိုလို့ရှိရင်တော့ အနည်းဆုံး သူ့ဖက်မပါအောင်တော့ ငါလုပ်ရမယ်ဆိုတာမျိုး ဖြစ်လာနိုင်တာပေါ့” ဟု ၎င်းက ပြောသည်။

    တရုတ်၏ ရင်းနှီးမြှပ်နှံမှုများကို ဆက်လက်လုပ်ဆောင်နိုင်ရန် မြန်မာပြည်တည်ငြိမ်အေးချမ်းမှုကို လိုလားကြောင်းလည်း စဝ်ခွန်းဆိုင်က ပြောသည်။

    နွေဦးတော်လှန်ရေးမှ ပေါက်ဖွားလာသည့် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ပေါင်းစည်းမိသွားပြီးဖြစ်ကြောင်း ဒေါက်တာလှကျော်ဇောက ပြောသည်။

    “ကျမတို့ ၁၀၂၇ စစ်ဆင်ရေးကြီး ပြီးကတည်းက တိုင်းရင်းသား လူမျိုးပေါင်းစုံ လက်နက်ကိုင်အဖွဲ့နဲ့ ကျမတို့ ပြည်မကြီးက နွေဦးတော်လှန်ရေးမှာ ပေါက်ဖွားလာတဲ့ ဗမာအများစု ပါဝင်တဲ့ လက်နက်ကိုင်အဖွဲ့တွေဟာ တော်တော်ပေါင်းစည်းမိသွားပြီ။ ကောင်းတာက စစ်တပ်က နည်းလမ်းပေါင်းစုံနဲ့ ကွဲပြဲအောင် သူအများကြီး လုပ်နေတာ ဒါပေမဲ့ ဘယ်သူမှ မကွဲပြဲတော့ဘူး။ အဲဒီဟာက ကျမတို့ရဲ့ နွေဦးတော်လှန်ရေးအတွက် တဖြည်းဖြည်း တဖြည်းဖြည်း အင်အားတွေ ဖြစ်လာတာပဲ၊ ဒါကနေ ကျမတို့ တဖြည်းဖြည်း ရှေ့တိုးဖို့ပဲ လိုတာပါ” ဟု ၎င်းက ပြောသည်။

    လက်ရှိတွင်လည်း ပြင်ဦးလွင်၊ မန္တလေးမြို့ခံများက တိုက်ပွဲဖြစ်ပွားလာနိုင်သည်ဟုဆိုကာ နေပြည်တော်၊ ရန်ကုန်အပါအဝင် တခြားသော ဒေသများသို့ ကြိုတင်တိမ်းရှောင်မှုများလည်း ရှိနေသည်။

    တရုတ်အနေဖြင့် စစ်ကောင်စီအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့အပေါ် ဩဇာလွှမ်းမိုးမှု ရှိနေကြောင်း နိုင်ငံရေးသုံးသပ်သူတစ်ချို့က ဆိုသည်။

    မြန်မာနိုင်ငံတွင် တရုတ်ရင်းနှီးမြှပ်နှံစီမံကိန်းများအနေဖြင့် မြစ်ဆုံစီမံကိန်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်၊ မူဆယ်နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် စသဖြင့် အများအပြား ရှိနေသလို နယ်စပ်တစ်လျှောက်တွင်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ လှုပ်ရှားလျက်ရှိနေသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    31,300SubscribersSubscribe
    spot_img

    Latest posts