spot_img
Thursday, November 7, 2024
More
    spot_img
    Homeသတင်းမြန်မာနိုင်ငံအထက်ပိုင်း စစ်ရှုံးနေသည့် စစ်ကောင်စီတပ်တို့ တောင်ပိုင်းဒေသဘက် အပြင်းအထန်အင်အားဖြည့်နေ

    မြန်မာနိုင်ငံအထက်ပိုင်း စစ်ရှုံးနေသည့် စစ်ကောင်စီတပ်တို့ တောင်ပိုင်းဒေသဘက် အပြင်းအထန်အင်အားဖြည့်နေ

    -

    မြန်မာနိုင်ငံအထက်ပိုင်း ရှမ်းပြည်မြောက်ပိုင်းတွင် စစ်ရှုံးနေသည့် အာဏာသိမ်းစစ်ကောင်စီတပ်တို့သည် မြန်မာပြည်တောင်ပိုင်း သံဖြူဇရပ်- ရေး- ထားဝယ်လမ်းတစ်လျှောက်တွင် အပြင်းအထန်အင်အားဖြည့်နေသည်ဟု သိရသည်။

    အထက်မြန်မာပြည်ဘက် စစ်ရှုံးနေခြင်းကြောင့် မြန်မာပြည်တောင်ပိုင်းဒေသဘက်ကို တော်လှန်ရေးအင်အားစုအဖွဲ့တို့ စစ်မျက်နှာပြင်မဖွင့်ခင် လက်ဦးယူထားပြီး စစ်မှုထမ်းသင်တန်းဆင်း တပ်သားတို့အပြင် မြဝတီဘက်မှ ပြန်လည်ရုပ်သိမ်းလာသည့် ပြည်ထောင်စုအဆင့်ရှိ အောင်ဇေယျစစ်ကြောင်းတို့ဖြင့် စစ်ကြောင်းထိုးလျှက်ရှိသည်ဟု တောင်ပိုင်းဒေသရှိ တော်လှန်ရေးခေါင်းဆောင်တို့ ပြောကြားချက်အရသိရသည်။

    လက်ရှိ သံဖြူဇရပ်နှင့် ရေးတောင်ပိုင်းတစ်ဝိုက်တွင် စစ်ကောင်စီအဖွဲ့တို့ အင်အား အနည်းဆုံး ၅၀၀ ဝန်းကျင်ခန့်ရှိနေပြီး ပြီးခဲ့သည့် သြဂုတ် ၁ ရက်နေ့တွင် အင်အား ၂၀၀ ခန့်ရှိသည့် အောင်စဇယျစစ်ကြောင်းအဖွဲ့ဖြင့် အင်အားထပ်မံဖြန့်ခွဲထားသည်ဟု သိရသည်။

    "မြောက်ပိုင်းဒေသမှာဆိုရင် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ တစ်မြို့ပြီးတစ်မြို့သိမ်းယူနေတာ အခုဆိုရင် မန္တလေးအထိတောင် ရောက်လုနီးပါးဖြစ်နေပြီး၊ ဒါက မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ပေါ့လေ၊ အဲတော့ ဟိုဘက်စစ်မျက်နှာပြင်မှာ စစ်ရှုံးနေတုန်း ဒီဘက်တောင်ပိုင်းဒေသမှာလည်း တော်လှန်ရေးအဖွဲ့တွေ ထပ်ပြီးလှုပ်ရှားလာရင် သူတို့(စကစ)ပိုပြီး အခက်တွေ့သွားမဲ့သဘောဆိုတော့ တောင်ပိုင်းဒေသက တော်လှန်ရေးအဖွဲ့တွေမစခင် သူတို့အရင်စစ်မျက်နှာပြင်ဖွင့်ပြီး အရင်စလိုက်တဲ့သဘောပါ"ဟု MSRF ပြောခွင့်ရ နိုင်နဂါးက ပြောသည်။

    ယခင် ရေးမြောက်ပိုင်းဒေသတွင် ကရင်လက်နက်ကိုင်အဖွဲ့၊ ရေးပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် တောင်ညိုစစ်ကြောင်းတို့မှ လုံခြုံရေးရယူကာ ထိုက်သင့်သလောက် ထိန်းချုပ်နိုင်ခဲ့သော်လည်း စစ်ကောင်စီအဖွဲ့တို့ အင်အားဖြည့်ထားသည့်နောက် တော်လှန်ရေးအဖွဲ့ဘက်မှ ပြန်လည်ဆုတ်ခွာမှုတို့ ရှိခဲ့သည်ဟု သိရသည်။

    ‌အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးကို အပြင်းအထန် ထိုးစစ်ဆင်နေသည့် စစ်ကောင်စီအဖွဲ့တို့သည် စစ်ရေးထက် စီးပွားရေအခြေအနေကို စိုးရိမ်၍ ပြန်လည်ထိန်းချုပ်ရန် ကြိုးစားနေသည်ဟုလည်း နိုင်နဂါးက ဆက်ပြောသည်။

    "နိုင်ငံတကာရဲ့ပိတ်ဆို့မှုတွေကြောင့် စစ်ကောင်စီရဲ့ ငွေဝင်ပေါက်က အံမတန်မှနည်းလာတယ်၊ အဲတာကြောင့် ရုရှားနဲ့လက်မှတ်ထိုးထားတဲ့ ထားဝယ်ရေနက်ဆိ်ပ်ကမ်းရယ်၊ ပီးတော့ ထိုင်းတွေနဲ့ ချိတ်ဆက်ပြီးငွေဝင်နေတဲ့ ကံပေါက်သဘာဝဓါတ်ငွေ့ပိုက်လိုင်းကို ကာကွယ်ဖို့ရယ် သူ့ရဲ့စီးပွားရေးတွေ လုံလုံခြုံခြုံပြန်လည်ထိန်းချုပ်ဖို့ မော်လမြိုင်ကနေ- ကော့သောင်း အမှတ် ၈ လမ်းမကြီးကို အပြည့်အဝထိန်းနိုင်ဖို့ လုပ်ဆောင်လာမယ်လို့ ကျနော်မြင်တယ်"ဟု ဆိုသည်။

    အာဏာရှင်ရန်သူကို အခြေအနေပေးသလောက် အင်အားရှိသလောက် စစ်လက်နက်ပစ္စည်းရှိသလောက် မဟာမိတ်ပူပေါင်းအဖွဲ့တို့နှင့် လက်တွဲကာ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟုလည်း ဆက်ပြောသည်။

    တော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီအဖွဲ့တို့၏ လှုပ်ရှားမှုကိုကြည့်ခြင်းအားဖြင့် အင်အားကြီးသည့် တိုက်ပွဲ ဖြစ်လာနိုင်မည်ဟုလည်း ရေးဒေသခံအမျိုးသားတစ်ဦးက သုံးသပ်ပြောဆိုသည်။

    "ရက်အတိအကျ အချိန်အတိအကျကို မပြောနိုင်ပေမဲ့ ကျနော်တို့ဒေသခံတွေက အင်အားကြီးတဲ့ တိုက်ပွဲတစ်ခုဖြစ်လာဖို့ရှိမယ်ဆိုတာ အခိုင်အမာပြောဆိုနေကြတယ်၊ မော့ကနင် သံဖြူဇရပ်၊ မော့ကနင် ရေးဘက်မှာ အခုစစ်ကောင်စီအဖွဲ့တွေ စစ်မျက်နှာပြင်ဖွင့်နေတဲ့ပုံစံရယ် အင်အားတိုးချဲ့ပုံးစံ ကြည့်ခြင်းအားဖြင့်ပေါ့လေ၊ အဲတော့ ကျနော်တို့ဒေသခံတွေ ပြင်ဆင်စုဆောင်းဖို့ သင့်နေပြီးလို့လည်း တိုက်တွန်းပြောလိုပါတယ်"ဟု ဆိုသည်။

    လက်ရှိတွင် ဝဲခမိ၊ နှစ်ကရင်လမ်းဝ၊ မော့ကနင်းကွမ်ကျိုက်နှင့် နှင်းစုံအစရှိသည့် ကျေရွာတို့တွင် စစ်ကောင်စီအဖွဲ့တို့ အများဆုံးနေရာယူထားပြီး ဖြတ်သန်းသွားလာသူတို့ကို စစ်ဆေးမေးမြန်ကာ ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်မှုတို့လည်း လုပ်ဆောင်လျှက်ရှိသည်။

    အဆိုပါလမ်းကြောင်းတစ်လျှောက်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး ပူးပေါင်းတပ်တို့ကြား စစ်ရေးတင်းမာနေပြီး စစ်ကြောင်းတိုးလာသည့် စစ်ကောင်စီစစ်ကြောင်းတို့ကို တော်လှန်ရေးပူးပေါင်းတပ်တို့က ကြားဖြတ်တိုက်ခိုက်ခြင်း၊ သွားရောက်တိုက်ခိုက်ခြင်းတို့ကြောင့် ပြီးခဲ့သည့် သြဂုတ်လ ပထမအပတ် တိုက်ပွဲ ၅ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့သည်။

    ထို့အပြင် သံဖြူဇရပ်-ရေး အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးအား ည ၆ နာရီမှ နံနက် ၆ နာရီအထိ မည်သည့်ယာဉ်မှ ဖြတ်သန်းသွားလာခွင့်မပြုရန်တားမြစ်ထားကြောင်း၊ ဖြတ်သန်းသည့် မည်သည့်ယာဉ်မဆို ပစ်ခတ်မည်ဖြစ်ကြောင်း မော်လမြိုင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သြဂုတ်လ ၅ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထားသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    30,000SubscribersSubscribe
    spot_img

    Latest posts