စစ်ကောင်စီသည် ကျရှုံးလာလေ ပြည်သူလူထုအပေါ် ရက်စက် ကြမ်းကြုတ်လာလေဟု မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD ခေါင်းဆောင်တို့က ပြောသည်။
လက်ရှိတွင် စစ်ကောင်စီက ပြိုကျတော့မည့်အခြေအနေနှင့် ရင်ဆိုင်ကြုံတွေ့နေရပြီး စစ်ရေး၊ နိုင်ငံရေးတွင်လည်း ကျရှုံးမည့်အခြေအနေ ဆိုက်ရောက်ရှိနေသည်ဟုလည်း ဆိုသည်။
NMSP-AD ဗိုလ်မှူးချုပ် နိုင်စလွန်းထောက “စစ်အာဏာရှင်ရဲ့ သဘောသဘာဝက သူတို့ကျရှုံးပါစေ။ သူတို့က ဘယ်တော့မှ အလျော့ပေးမှာ မဟုတ်ဘူး။ လက်ရှိအခြအနေက သူတို့(စစ်ကောင်စီ) က အခက်အခဲအများကြီးနဲ့ ရင်ဆိုင်ကြုံတွေ့ နေရတယ်။ သူတို့ကျရှုံးလာတဲ့အနေအထားရှိလာလေ ကြမ်းကြုတ်လာလေပဲ။ ဒါ့ကြောင့် သူတို့ မသေခင် မကျရှုံးခင်မှာ သူတို့ကို တော်လှန်နေတဲ့ တော်လှန်ရေးအဖွဲ့တွေကိုတောင်မက ပြည်သူလူထုတွေကိုပါ အန္တရာယ်မျိုးစုံ ပေးလာမယ်။ သူတို့ဖြစ်ချင်သလို ကြိုက်သလို လုပ်ဆောင်လာမယ်။ အခုက ခြေကျင်နဲ့ စစ်ကြောင်းထိုးရတာ ခက်ခဲလာတယ်။ ဒါကြောင့် လေယာဉ်တွေသုံးပြီး တိုက်ခိုက်မှုတွေ အများကြီးလုပ်ဆောင်လာနေရတယ်” ဟု ပြောသည်။
စစ်ကောင်စီက လေကြောင်အသုံးပြု တိုက်ခိုက်လာမည်ကို ကြိုတင်တွက်ဆထားပြီးသားဖြစ်ကြောင်း သူတို့အထိနာလာလျှင် ရက်ရက်စက်စက် တုန့်ပြန်လေ့ရှိကြောင်း ၎င်းက ဆက်ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်စခန်းနှင့် ၎င်းတိုထိန်းချုပ်ထားသည့် မြို့အများအပြားကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့နှင့် တော်လှန်ရေးတပ်ဖွဲ့တို့က ဆက်တိုက်သိမ်းပိုက်လာခဲ့သည်။
၎င်းပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာပြီး တော်လှန်ရေးပူးပေါင်းတပ်တို့ထံ လာရောက်ပူးပေါင်းလာသည့်ဖြစ်စဉ်များလည်း ဆက်တိုက်ကြုံတွေ့နေရသည်။
“အာဏာသိမ်းပြီးနောက်ပိုင်း သူတို့ကို ထောက်ခံနေတဲ့ ဒေသက ပြည်သူတွေတောင် သူတို့ကို ပြန်လည်တော်လှန်လာကြတယ်။ အခြေအနေတွေက ပြောင်းလဲလာတယ်။ တပ်စခန်းတွေမှာ မနေရဲကြတော့ဘူး။ ခုံခတိုက်တာမျိုးတွေ မရှိတော့ဘဲနဲ့ လွယ်လွယ်ကူကူနဲ့ ထွက်ပြေးကြတယ်။ ဒါ့ကြောင့် စစ်ကောင်စီက သူတို့မှာက အားနည်းလာနေတာကို ကျနော်တို့မြင်နေရတယ်။ ဒီအချိန်တိုအတွင်းမှာ သူတို့တပ် မပြိုကျနိုင်သေးပေမဲ့ ဘယ်လိုနည်းလမ်းပဲ။ သူတို့လုပ်ဆောင်လာနေပါစေ။ တစ်နေ့ကျရင် ကျရှုံးလာမယ့် အနေအထား မှာရှိနေတယ်” ဟု NMSP-AD ဒု-အဖွဲ့ခေါင်းဆောင် နိုင်ဗညားလယ်ကလည်း ပြောသည်။
အဘက်ဘက်က ကျရှုံးနေသည့် စစ်ကောင်စီက တော်လှန်ရေးအားကောင်းသည့်နေရာတို့တွင် စစ်ရေးအရှိန်တိုးမြှင့်လာပြီး လေကြောင်းတိုက်ခိုက်မှု ပြင်းပြင်းထန်ထန်လုပ်ဆောင်လာသည့်အတွက် ပြည်သူလူထု ထိခိုက်သေဆုံးမှု များပြားလာခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီအဖွဲ့ SAC-Myanmar ၏ အစီရင်ခံစာအရ စစ်ကောင်စီသည် နိုင်ငံတဝန်း မြို့နယ် ၃၃၀ ရှိသည့်အနက် ၇၂ မြို့နယ်သာ အပြည့်အဝထိန်းချုပ်နိုင်ပြီး ကျန်ရှိနေသည့် မြို့နယ်များတွင် ထိန်းချုပ်နိုင်စွမ်းမရှိတော့ဟု ဆိုထားသည်။
