ဧရာဝတီမြစ်ရေ မြင့်တက်လာခြင်းကြောင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်အားလုံးနီးပါး ရေကြီးရေလျှံမှုဖြစ်ပွားနေပြီး ထောင်နှင့်ချီသည့် ဒေသခံတို့က အကူအညီလိုအပ်နေသည်ဟု ဒေသခံနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။
ဇွန်လ ၃၀ ရက်နေ့မှစတင်ကာ ဧရာဝတီမြစ်ရေ မြင့်တက်လာပြီး လက်ရှိတွင် မြစ်ကြီးနားမြို့ပေါ်နှင့် ဧရာဝတီမြစ်ကမ်းဘေးရှိ ရမ်ပူ၊ လယ်ကုန်း၊ ကြက်ပေါင်ခြံ၊ မြို့သစ်ကြီး၊ ကျွန်းပင်သာ၊ ကချင်စု၊ ရွှေညောင်ပင်၊ မန်ခိန်၊ စီတာပူ၊ အေးစေတီ၊ ခေမာသီရိ၊ ဒူကထောင်၊ ရန်ကြီးအောင်၊ ပမ္မတီး၊ သီတာ၊ ယုဇန၊ မြေမြင့်၊ အောင်နန်း၊ ပေါ်ဦး အပါအဝင် ရပ်ကွက်အများစုတွင် ရေကြီးရေလျှံမှုဖြစ်ပွားနေသည်။
“တမြို့လုံးပဲပြောရအောင် ရေကတက်နေတာဆိုတော့ ကူနေတဲ့သူတွေလည်း မနိုင်တော့ဘူး အသင်းတော်ကလူတွေလည်း ဝိုင်းပြီးကူနေကြတယ် အခုထိ ပိတ်မိနေကြတဲ့လူတွေလည်း ရှိတယ်။ လေယာဉ်သွားတဲ့လမ်းလဲ ရေမြုပ်သွားတယ်” ဟု မြစ်ကြီးနားမြို့ခံတစ်ဦးက ပြောသည်။
ဧရာဝတီမြစ်ဖျားခံရာဒေသတွင် ရေခဲမြစ်အရည်ပျော်မှုနှင့် မိုးအဆက်မပြတ်ရွာမှုများကြောင့် ဧရာဝတီမြစ်ရေပြင်သည် တစ်နာရီ ၃ လက်မအထိ ရေမြင့်တက်နေကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။
တမြို့လုံးနီးပါး ရေကြီးရေလျှံမှုဖြစ်ပွားနေသည့် မြစ်ကြီးမြို့ပေါ်က ဒေသခံ ထောင်နှင့်ချီ အကူအညီများလိုအပ်နေကြောင်းလည်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတို့က ပြောသည်။
ရေကြီးရေလျှံမှုဖြစ်ပွားနေသည့်အတွက် ဇူလိုင်လ ၁ ရက်နေ့မှစကာ စာသင်ကျောင်းများအားလုံး ပိတ်ထားရကြောင်းလည်း ဒေသခံတို့က ပြောသည်။
ရေဘေးသင့်ပြည်သူများထဲတွင် မြစ်ကြီးနားဒေသခံများအပြင် ဝိုင်းမော်မြို့မှ တိုက်ပွဲရှောင်လာသူများလည်း ရှိနေသည်။
ရေကြီးပြီး မြေပြိုမှုပါရှိနေသည့်အတွက် မြစ်ကြီးနား-ပူတာအိုလမ်းပိုင်းတချို့လည်း ပျက်စီးပြီး လမ်းပိတ်နေသောကြောင့် ကုန်တင်ကားအစီးရေ ၈၀ ခန့် ပိတ်မိနေကြောင်း သိရသည်။
မြစ်ကြီးနားမြို့အပါအဝင် ဗန်းမော်၊ ရွှေကူ၊ ကသာ၊ သပိတ်ကျင်း၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းမူတို့တွင် ဇူလိုင်လ ပထမအပတ်အတွင်း မြစ်ရေ ၆ ပေမှ ၁၀ ပေခန့်အထိ မြင့်တက်နိုင်ဟု မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
