မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာအုပ်စု ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ မစောတံတား ယနေ့ မေလ ၂၃ ရက်နေ့ နံနက်အစောပိုင်းက ထပ်မံ မိုင်းခွဲဖျက်ဆီးခံရပြီး ခရီးသွားပြည်သူ ၁ ဦး သေဆုံးကာ၊ ၃ ဦး ပြင်းထန်ဒဏ်ရာရရှိသည်ဟု ဒေသခံတို့ထံမှ သိရသည်။
အရှည် ၁၀၆ ပေ၊ အကျယ် ၂၄ ပေရှိ မစောတံတားသည် ယနေ့ နံနက် ၄ နာရီ ၄၅ မိနစ်အချိန်ခန့်က မိုင်းခွဲခံရပြီး တံတားပေါ် ဖြတ်သွားနေသည့် ဆိုင်ကယ် ၃ စီး ချောင်းအတွင်း ပြုတ်ကျသွားခဲ့သည့်အတွက် ဆိုင်ကယ်စီးနင်းလာသူ အမျိုးသား ၁ သေဆုံးကာ၊ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။
မိုင်းခွဲခံရမှုကြောင့် တံတားပြိုကျပျက်စီးသွားသည့်အတွက် လက်ရှိတွင် လမ်းပန်းဆက်သွယ်ရေးလည်း ပြတ်တောက်သွားခဲ့သည်။
“တံတားရဲ့ ၃ ပုံ ၂ ပုံ က ချောင်းထဲကျိုးကျသွားတယ်။ ကျန်နေတဲ့အပိုင်းကလည်း ကားတွေသွားလာဖို့က မလွယ်တော့ဘူး။ ကားလမ်းအဆက်အသွယ် ပြန်ပြတ်သွားတဲ့ သဘောပါဘဲ” ဟု ဒေသခံတစ်ဦး ပြောသည်။
တံတားမိုင်းခွဲခံရစဉ် သေဆုံးသူနှင့် ဒဏ်ရာရသူများကို လူမှုကယ်ဆယ်ရေးအဖွဲ့တို့က ဆေးရုံသို့ ပို့ဆောင်ပြီး ဆေးကုသမှုခံယူနေသည်ဟု ဒေသခံလူမှုကူညီကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။
ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်ရှိ မစောတံတား မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့်အတွက် မွန်၊ ကရင်၊ တနင်္သာရီ ဘက်မှ ရန်ကုန်ဘက်သို့ ကုန်စည်စီးဆင်းမှုနှင့် ခရီးသွားလာမှု ပြန်လည်ပြတ်တောက်သွားပြီးဖြစ်သည်ဟု ခရီးသွားတို့ထံမှ သိရသည်။
ပြီးခဲ့သည့် မေလ ၁၁ ရက်နေ့နံနက်စောပိုင်းကလည်း သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်အစပ် ရန်ကုန် – မော်လမြိုင် ကားလမ်းမပေါ်ရှိ ကျုံအိတ်တံတား ဒုတိယအကြိမ် မိုင်းခွဲဖျက်ဆီးခံခဲ့ရပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခဲ့ရသေးသည်။
![](https://i0.wp.com/burmese.monnews.org/wp-content/uploads/2024/05/441970122_940817661151570_2382689268400748736_n.jpg?resize=696%2C522&ssl=1)