မွန်ပြည်နယ်ရှိ ကျုံအိတ်တံတားမိုင်းထောင်ဖျက်ဆီးခံရပြီးနောက် မော်လမြိုင်- ရန်ကုန်ခရီးကို ရထားဖြင့်သွားလာနေရပြီး အချိန်ကြန့်ကြာခြင်းကြောင့် အရေးပေါ်လူနာများ အသက်ဆုံးရှုံးမှုရှိနေသည်ဟု သိရည်။
ကျုံအိတ်တံတား ဖျက်စီးခံရသည့် ရက်မှစ၍ ယနေ့ မေလ ၁၆ ရက်နေ့အထိ ရန်ကုန်မြို့သို့ အချိန်မှီ မပို့ဆောင်နိုင်သည့် ဦးနှောက်နှင့်အာရုံကြောလူနာ ၃ ဦးထက်မနည်းသေဆုံးမှုရှိနေသည်ဟု မော်လမြိုင်မြို့မှ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“အဓိကကျွန်တော်တို့ မော်လမြိုင်မှာက ဦးနှောက်နဲ့အာရုံကြောနဲ့ပတ်သက်တဲ့ အထူးကုဆရာဝန်တွေမရှိတဲ့အဲ့ အပိုင်းနဲ့ပတ်သက်တဲ့လူနာတွေကို ကျွန်တော်တို့ အချိန်မှီဆေးရုံကိုပို့ဆောင်ဖို့ လမ်းခရီးမှာအချိန်ကြန့်ကြာနေတာ၊ အချိန်ဆွဲနေရတဲ့အတွက် လမ်းမှာနှစ်ယောက် သုံးယောက်ကဆုံးသွားတာရှိနေတယ်ဗျ "ဟု ဆိုသည်။
ရန်ကုန်- မော်လမြိုင်ကားလမ်းမကို အသုံးပြုသွားလာနေသည့် ကုန်တင်ယာဉ်၊ လူနာတင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်တို့သည် လက်ရှိ ကျေးရွာချင်းဆက်လမ်းမှသာ သွားလာနေရခြင်းကြောင့် လမ်းကျဉ်းခြင်းနှင့် တိုက်ပွဲဖြစ်ပွားနေခြင်းတို့ကြောင့် အသက်ဘေးနှင့်ရင်း၍ သွားလာနေရသည်။
ဒေသခံတို့ပြောကြားချက်အရ ကျုံအိတ်တံတားပြန်လည်ပြုပြင်နိုင်ရန် အချိန်ကြန့်ကြာမည်ဖြစ်ခြင်းကြောင့် အရေးပေါ်လူနာများကို ရေကြောင်းမှတစ်ဆင့် ပို့ဆောင်ရန် စီစဉ်လျှက်ရှိသည်ဟု ၎င်းကဆက်ပြောသည်။
“ကျွန်တော်တို့ကလူနာတွေကို ဘီးလင်းရွှေလှေရွာကနေ ကျိုက်ထိုကို လှေနဲ့ပို့ဖို့ စီစဉ်နေတာရှိတယ်။ ဘီးလင်း ရွှေလှေကနေပို့ပြီးရင် ကျိုက်ထိုဘက်က ပရဟိတ အဖွဲ့တွေနဲ့ချိတ်ဆက်ပြီး သူတို့ကနေတစ်ဆင့်ရန်ကုန်ကို ပို့ပေးမှာပေါ့။ အဲလိုမျိုးဆိုရင် လူနာအတွက်က အချိန်တိုအတွင်းလည်းရောက်တယ် အန္တရယ်လည်းကင်းတယ်။ အဲလိုမျိုးလုပ်ဖို့ ကျွန်တော်တို့ စီစဉ်ဆောင်ရွက်နေတယ် ” ဟု ဆိုသည်။
လက်ရှိ လမ်းပန်းဆက်သွယ်ရေးအခြေအနေကြောင့် ရန်ကုန်-မော်လမြိုင် လူနာပို့ဆောင်ရေးလမ်းကြောင်းကို ပရဟိတအဖွဲ့အချို့ ရပ်နားထားကြောင်း သိရသည်။
ထို့အပြင် ကျေးရွာချင်းဆက်လမ်းတွင် တိုက်ပွဲဖြစ်ပွားနေသည့်အတွက် ခရီးသွားပြည်သူများ ထိခိုက်သေဆုံးမှုရှိနေကြောင်း သတင်းများထွက်ပေါ်လျှက်ရှိသည်။
မိုင်းထောင်ဖောက်ခွဲခံရသည့် ကျူံအိတ်တံတားပေါ်ကို ပြီးခဲ့သည့် မေလ ၁၅ ရက်နေ့ နံနက်ပိုင်းအချိန်တွင် မော်တော်ယာဉ်ငယ်များကို ဖြတ်သန်းသွားလာခွင့်ပြုထားသော်လည်း ယနေ့ မေလ ၁၆ ရက်နေ့ မွန်းလွှဲပိုင်းတွင် သွားလာခွင့် ပြန်လည်ပိတ်ထားသည်ဟု သိရသည်။
ကျုံအိတ်တံတားပေါ်သို့ ဖြတ်သန်းသွားလာခွင့် ပြန်လည်ပိတ်ပင်ထားသည်နှင့်ပတ်သတ်၍ လွတ်လပ်သောမွန်သတင်းအေဂျင်စီမှ ဆက်လက်အတည်််ပြုေနဆဲဖြစ်သည်။