တစ်နှစ်တာအတွင်း အပူချိန်အမြင့်ဆုံးလဖြစ်သည့် မေလတွင် အပူဒဏ်ကြောင့် မွန်ပြည်နယ်မြို့နယ်အသီးသီးမှာ သေဆုံးသူ ၃ ဦးအထိရှိခဲ့သည်ဟု ကျန်းမာရေးဝန်ထမ်းနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။
သေဆုံးသူအများစုသည် အသက် ၃၀ နှင့် ၅၀ ကြားရှိ လက်လုပ်လက်စားများအပြင် နှလုံးရောဂါသည်များ ဆီးချိုရောဂါနှင့် သွေးတိုးရောဂါအခံရှိသူတို့ဖြစ်သည်ဟု မော်လမြိုင်မြို့လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။
“ဒီလက ပြီးခဲ့တဲ့လထက်ဆေးရုံမူးမေ့လဲပြီးဆေးရုံးတက်သူတွေပိုများလာတယ်။ သေဆုံးသူတွေပါရှိလာတယ်။ ဆီးချိုသမားတွေ သွေးတိုးသမားတို့ကပိုဖြစ်တာများတယ်။ ၃၀ ကျော် ၅၀ ဝန်းကျင်သူတွေမူးမေ့လဲတာများတယ်။ နေပူထဲမှာ အပူချိန်တွေများတော့ အလုပ်လုပ်တဲ့သူတွေနဲ့လက်လုပ်လက်စားတွေဆို မသက်သာဘူးလေ ” မော်လမြိုင်မြို့မှ လူမှု ကယ်ဆယ်ရေး အသင်းတွေထံမှသိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မွန်ပြည်နယ်တွင် အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ် ဝန်းကျင်အထိမြင့်တက်ခဲ့ခြင်းကြောင့် မော်လမြိုင်မြို့၊သထုံနှင့် ရေးမြို့နယ်မှ အမျိုးသား ၃ ဦးတို့ သေဆုံးခဲ့သည်။
ထို့ကြောင့် အပူချိန်ပြင်းထန်သည့် မနက် ၁၁ နာရီမှ၃ နာရီအချိန်တွင် သွားအလာဂရုစိုက်ကြရန်၊ လေဝင်လေထွက်ကောင်းပြီး အပူဒဏ်သက်သာသည့်နေရာတွင် နေထိုင်ကြရန်နှင့် အပူဒဏ်ကိုအထူးဂရုပြုရန် ချောင်းဆုံမြို့နယ် ကျန်းမာရေးဝန်ထမ်းတစ်ဦးက ဆိုသည်။
“ရွာမှာရော စစ်ဘေးရှောင်မှာရော ဖျားတဲ့သူတွေကတော်တော်များတယ်။ ကျမတို့ စစ်ဘေးရှောင်တဲ့နေရာ တော်တော်များများ သတိပေးကာကွယ်ထားတယ်။ အခုကရေလည်းရှားပါးချိန်ဆိုတော့ ဒါပေမဲ့မိုးဦးကျချိန်လိုမျိုး ရက်ရှည်ဖျားတာမဟုတ်ဘူး။ ၃/၄ ရက်လောက်ပဲ အပြင်ကပြန်လာရင်ပန်ကာခံပြီးတော့ အပူရှပ်တာတွေ စိုးရိမ်ရတယ်” ဟု ဆိုသည်။
အလားတူ မော်လမြိုင်နှင့် ချောင်းဆုံစစ်ဘေးရှောင်စခန်းတို့တွင် ယခုမေလအတွင်း အပူချိန်မြင့်မားပြီး ရေခန်းခြောက်မှုပိုများခြင်းကြောင့် သောက်သုံးရေနှင့်ကျန်းမာစောင့်ရှောက်မှုများ လိုအပ်လာသည်ဟု စစ်ဘေးရှောင်အရေး ကူညီနေသူတို့ထံမှ သိရသည်။
ထို့အပြင် ပေါင်မြို့နယ်တွင် သောက်သုံးရေမလုံလောက်မှုကြောင့် ဝမ်းရောဂါခံစားနေရသူတို့လည်း ရှိနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်တို့ထံမှ သိရသည်။
ပြီးခဲ့သည့် ဧပြီလတွင် နိုင်ငံတစ်ဝှမ်းအပူချိန်မြင့်မားမှုကြောင့် လူပေါင်း ၁၄၀၀ ကျော် သေဆုံးခဲ့ရပြီး မန္တလေးတိုင်းဒေသကြီးတွင် သေဆုံးသူအများဆုံးဖြစ်ကြောင်း RFA မှ ဖော်ပြထားသည့်အချက်အလက်ရ သိရသည်။
