Tuesday, March 10, 2026
More
    spot_img
    Homeသတင်းစံခလပူရီအနီး စိတ်ကြွဆေး အလုံးတစ်သောင်းကျော် ဖမ်းဆီးမိ

    စံခလပူရီအနီး စိတ်ကြွဆေး အလုံးတစ်သောင်းကျော် ဖမ်းဆီးမိ

    -

    ထိုင်း-မြန်မာနယ်စပ်တွင် ဖမ်းဆီးရမိသော စိတ်ကြွဆေးများကို ထိုင်းအာဏာပိုင်များနှင့် မွန်ပြည်သစ်ပါတီတို့ စစ်ဆေးစဉ် (၂၀၀၈)

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ။     ။ မြန်မာပြည်မှ ထိုင်းနိုင်ငံသို့ တင်သွင်းလာသော ရာဘစိတ်ကြွဆေးပြား အလုံးတစ်သောင်းတစ်ရာတိတိ ယနေ့နံနက်ပိုင်းတွင် ဖမ်းဆီးမိခဲ့ကြောင်း စံခလပူရီမြို့မှ ထိုင်းအာဏာပိုင်တစ်ဦးက ပြောသည်။

    “စစ်ဆေးမေးမြန်းချက်အရ သူက ကယ်ရီသမားပဲတဲ့၊ ဒါက ဒုတိယအကြိမ်လို့ ပြောတယ်၊ သူ့အဖွဲ့ဝင်တွေ ရှိသေးတယ်” ဟု အဆိုပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

    ဖမ်းဆီးမိမိချင်း တရားခံအား ကန်ချနပူရီခရိုင်ရုံးသို့ ချက်ချင်းပို့ဆောင်လိုက်သည်ဟု သိရသည်။

    အဆိုပါ ရာဘဆေးပြား သယ်ဆောင်ခဲ့သူမှာ ဘုရားသုံးဆူမြို့နေ အသက် (၃၄) နှစ်ရှိ ကရင်အမျိုးသား နိုင်မစ်ဆိုသူ ဖြစ်ပြီး ထိုင်းမှတ်ပုံတင်အတု ကိုင်ဆောင်သူဟု သိရသည်။

    “ဒီတရားခံ ပြောတာက သယ်ဆောင်ခ တစ်ခေါက် ဘတ်ငွေ ခြောက်သောင်းခွဲ ရတယ်လို့ ပြောတယ်” ဟု အဆိုပါထိုင်းအရာရှိက ဆက်လက်ပြောကြားသည်။

    စိတ်ကြွဆေးများနှင့်အတူ မော်တော်ဆိုင်ကယ် အမျိုးအစား WAVE 100 နံပါတ် (ခေါ်ခေါ်ကော်-) ၅၁၄ ကိုလည်း ထိုင်းအာဏာပိုင်တို့ သိမ်းဆည်းရမိသည်။

    ထိုင်းမှတ်ပုံတင်အရ နိုင်မစ် အမည်ရှိသူမှာ ဘုရားသုံးဆူနယ်စပ်မှ ကန်ချပူရီမြို့သို့ သွားသည့် လမ်းကြောင်းအတိုင်း မော်တော်ဆိုင်ကယ်တစ်စီးဖြင့် သယ်ဆောင်လာစဉ် လန်တီချောင်းကြီးရှိ တံတားဖြူ စုပေါင်းစစ်ဆေးရေးဂိတ်၌ ရှာဖွေဖမ်းဆီးမိသည်ဟု သိရသည်။

    အဆိုပါတံတားဖြူဂိတ်တွင် ထိုင်းလဝက၊ ရဲ၊ စစ်တပ်၊ ပြည်သူ့စစ် စသည့်အဖွဲ့များ ၂၄ နာရီပတ်လုံး စုပေါင်းစစ်ဆေးမှု ပြုလုပ်လေ့ ရှိသည်။

    ယခုဖမ်းဆီးရမှုသည် စံခလပူရီမြို့နယ်တွင် ယခုနှစ်အတွင်း အများဆုံး ဖြစ်သည်ဟု သိရသည်။

    ယခု ရာဘစိတ်ကြွဆေးပြားများသည် ဘုရားသုံးဆူဒေသမှ လာရောက်ခဲ့ပြီး ကရင်ငြိမ်းချမ်းရေး အဖွဲ့အစည်းအချို့နှင့် ပတ်သက်မှု ရှိနိုင်သည်ဟု ထိုင်းအာဏာပိုင်တို့က ယူဆကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks