ထိုင်း- မြန်မာချစ်ကြည်ရေးတံတား အမှတ်(၂) ပိတ်သိမ်းလိုက်သည့်ကာလအတွင်း ထိုင်းကုန်ပစ္စည်းဈေးနှုန်းတို့ ဈေးမြင့်တက်လာသည့်နောက် ဈေးနှုန်းကျဆင်းမှုရှိဘဲ ငြိမ်နေသည်ဟု ကူးသန်းရောင်းဝယ်နေသူတို့က ဆိုသည်။
ကရင်ပြည်နယ်မြဝတီမြို့နယ်တွင် စစ်ကောင်စီတပ်နှင့်KNLA ပူးပေါင်းတပ်တို့ကြား အမှတ်(၂) ချစ်ကြည်ရေးတံတားအနီးတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး ဧပြီလ(၁၀) ရက်နေ့မှ ဧပြီလ (၃၀) ရက်န့အထိ ယာယီပိတ်ထားရကြောင်း သိရသည်။
ကုန်သွယ်ရေးလမ်းကြောင်း ပိတ်လိုက်သည့်ကာလတွင် အိမ်ဆောက်ပစ္စည်းဈေးနှုန်းများ ၃ ဆအထိမြင့်တက်လာပြီး လိုအပ်သလို ဝယ်ယူ၍ မရနေကြောင်း မုဒုံမြို့နယ်မှ ဆောက်လုပ်ရေးပစ္စည်းရောင်းဝယ်သူတစ်ဦးက ဆိုသည်။
“ အဲ့တော့အတွင်းမှာ ဘယ်လောက်တက်သွားတာလဲဆိုတော့ အရင် သံ တစ်တန်ကို ၁၇ သိန်းကနေ အခု ၁၉ သိန်းကျော်ရှိနေပြီး။ အိမ်သုတ်ဆေးတွေကလည်း တစ်ဘူးကို ၃၀၀၀ လောက် တက်သွားတယ်။ အချို့သံတွေဆို မှာနေတာမရဘူး ပစ္စည်းပြတ်နေတယ် ” ဟု ဆိုသည်။
လက်ရှိ ကျပ်ငွေဖောင်းပွနေသည့်အပြင် လမ်းခရီးကြန့်ကြာပြီး ကုန်သွယ်ခလည်းဈေးတက်လာခြင်းကြောင့် ကုန်ပစ္စည်းတန်ဖိုးတို့ ဈေးပြန်မကျဘဲ အတက်ဘက်သာ ရှိနေဆဲဟု ကုန်သည်တို့က ဆက်ပြောသည်။
တိုက်ပွဲကြောင့် ကော့ကရိတ်-မြဝတီအာရှလမ်းအစား ထို့ကော့်ကိုးလမ်းကိုပြောင်းလဲအသုံးပြုရသည့်အတွက် လမ်းခရီးကြမ်းတမ်းခြင်း၊ အကောက်အခွန်များခြင်း၊ ခရီးလမ်းကြန့်ကြာခြင်းတို့ကြောင့် ကုန်သည်အချို့လုပ်ငန်းရပ် နားလိုက်သည့်အခြေနေတို့လည်း ရှိကြောင်း ကုန်သည်တို့က ဆိုသည်။
မွန်-မြဝတီကုန်သည်တစ်ဦးက “ ထို့ကော်ကိုးလမ်းက ၆ ဘီးကားတွေပဲပေးဖြတ်တော့တယ်။ အချို့ ပစ္စည်းသယ်လာ လို့ လမ်းမှာပုံလိုက်ရတဲ့အချိန်လည်းရှိတယ်။ လမ်းမှာအခွန်ကောက်တာတွေလည်း အရမ်းများတယ်။ အဲ့ကြောင့်အချို့ကုန်သည်တွေက အဆင်မပြေတော့ ရပ်နားလိုက်တာပေါ့။” ဟုဆိုသည်။
မြဝတီနယ်စပ်မှ မွန်ပြည်နယ်ကို အိမ်ဆောက်ပစ္စည်း၊ စားသောက်ကုန်ပစ္စည်းနှင့် မြေသြဇာ အစရှိသော ကုန်စည်တို့ကို နေ့စဉ်တင်ပို့နေလျက်ရှိသည်။
စစ်ကောင်စီမှ မြဝတီမြို့အတွင်းနှစ်ဖက်ပစ်ခတ်ကြားက ကုန်သွယ်ရေးလမ်းကြောင်းကို မူလအခြေနေအတိုင်းပြန် ရောက်အောင် တစ်လအတွင်းကြိုးပမ်းသွားမည်ဟု သတင်းမီဒီယာအချို့ကို ပြောဆိုထားသည်။
လက်ရှိမှာတော့ မြဝတီ- ကော့ကရိတ် ဒေါနတောင်ကျော်အာရှလမ်းသစ်ကို ပိတ်ထားဆဲဖြစ်ကြောင်း သိရသည်။