တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ မင်းသားရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီစစ်တပ်သားများနှင့် တနင်္သာရီနှင့် မွန်ပြည်နယ်နယ်စပ်ရှိ စစ်ကောင်စီ မလွှဲတောင် စစ်ဆေးရေးဂိတ် ယနေ့ မတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းက ပစ်ခတ်တိုက်ခိုက်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။
ယနေ့ နံနက် ၆ နာရီအချိန်ခန့်တွင် မလွှဲတောင် စစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီတပ်သားများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့မှ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ပြီး ဂိတ်ရှိ စစ်ကောင်စီတပ်တို့မှ လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု ရေဖြူဒေသခံတစ်ဦးက ပြောသည်။
“စစ်တပ်က တောင်ပေါ်ကနေ ဒရုန်းကိုပြန်ပစ်တာလို့ပြောတာပဲ။ ၇ လုံး ၈ လုံးလောက်ရှိမယ် ပြန်ပစ်နေတာ။ လက်နက်ကြီးက ခြံဘက်မှာ ကျတယ်။ အခု (ညနေ ၃ နာရီခန့်) တော့ အခြေအနေတွေငြိမ်နေတယ်။ မနက်ကတော့ ဂိတ်ပိတ်ထားတယ်။ နေ့လည် ၂ နာရီလောက်ကပဲ ပြန်ဖွင့်တာ” ဟု ၎င်းဒေသခံက ဆိုသည်။
မလွှဲတောင် စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရပြီးနောက် နံနက် ၇ နာရီခန့်တွင်လည်း ရေဖြူမြို့နယ်၊ မင်းသားရွာတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်တို့ကို တော်လှန်ရေးတပ်ဖွဲ့တို့က ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။
“နှစ်ဖက်ပစ်ခတ်မှုဖြစ်တာက သိပ်မကြာဘူး။ ပြည်သူ့စစ်တွေတော့ ရွာကနေ ထွက်ပြေးကုန်ပြီ။မင်းသားရွာသားပြောတာတော့ ပြည်သူ့စစ်အိမ်တွ ၇ လုံးလောက် မီးရှို့ခံလိုက်ရတယ်လို့ပြောတယ်” ဟု အထက်ပါ ရေးဖြူဒေသခံက ပြောသည်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ကံပေါက်တိုက်နယ်အဝင် လမ်း ၂ ခုဖြစ်သည့် ကလိန်အောင်-ကံပေါက်လမ်းနှင့် ကံပေါက်-ဇာဒီလမ်းကို စစ်ကောင်စီတပ်တို့က ပိတ်ထားကြောင်းလည်း ဒေသခံတို့ထံမှ သိရသည်။
ရေး-ထားဝယ်လမ်းပိုင်း မလွဲတောင်နှင့် ကလိန်အောင်ကြား နယ်မြေစိုးမိုးနိုင်ရေးအတွက် တောင်လှန်းရေးပူးပေါင်းတပ်ဖွဲ့တို့က ကြိုးပမ်းလျက်ရှိပြီး မတ်လ ၁၉ ရက်နေ့က လမ်းပိုင်းတလျှောက် စစ်ကောင်စီနှင့် ထောက်တိုင်များ ဖြတ်သန်းသွားလာမှု ရှိ၊ မရှိ စစ်ဆေးမှု ပြုလုပ်ခဲ့သေးသည်။
