Thursday, March 12, 2026
More
    spot_img
    Homeသတင်းဒီမော့ဆိုရှိ စာသင်ကျောင်းများ လေကြောင်းတိုက်ခိုက်ခံရပြီး ၇ ဦးသေဆုံး

    ဒီမော့ဆိုရှိ စာသင်ကျောင်းများ လေကြောင်းတိုက်ခိုက်ခံရပြီး ၇ ဦးသေဆုံး

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ ဖေဖော်ဝါရီ ၆၊ ၂၀၂၄။

    ကယား(ကရင်နီ)ပြည်နယ်၊ ဒီမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းရှိ ကျေးရွာ ၂ ရွာမှ စာသင်ကျောင်း ၃ ကျောင်းကို စစ်ကောင်စီတပ်မှ တစ်ရက်တည်း လေကြောင်းတိုက်ခိုက်ခဲ့ခြင်းကြောင့် ပညာရေးဝန်ထမ်းနှင့် ကျောင်းသားများ အပါအဝင် ၇ ဦးခန့်သေဆုံးခဲ့ကြောင်း ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ KSCC ထံမှ သိရသည်။

    ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်ခန့်မှ စတင်ပြီး ဒီမော့ဆိုမြို့နယ် ဒေါဆီအီကျေးရွာရှိ ကလေးငယ်များအတွက် ဖွင့်လှစ်ထားသော အလယ်တန်းနှင့် မူလတန်းစာသင်ကျောင်းများကို စစ်တပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။

    ကလေးငယ် ၂၀၀ ကျော်တက်ရောက်နေသော ဒေါအီဆီမှ စာသင်ကျောင်းများကို စစ်ကောင်စီက ဂျက်ဖိုက်တာ ၂ စီးဖြင့် ၁၀ ကြိမ်ထက်မနည်းတိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်မှုကြောင့် အသက် ၁၀ နှစ်မှ ၁၃ နှစ်အရွယ် ကလေး ၄ ဦး သေဆုံးခဲ့ကြောင်း KSCC က ဆိုသည်။

    ထို့မှတဆင့် ဒီမော့ဆိုမြို့နယ် လွိုင်နန်းဖ ကျေးရွာရှိ စာသင်ကျောင်း၊ ဘုရားကျောင်းနှင့် ကျေးရွာဆေးပေးခန်းလည်း ဆက်လက်ဗုံးကြဲတိုက်ခိုက်ခံရပြီး ကျောင်းဆရာမ ၂ ဦးနှင့် အရပ်သား တစ်ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

    တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း KNDF ပြောရေးဆိုခွင့်ရှိသူတစ်ဦးက လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ အတည်ပြု ဖြေကြားထားသည်။

    ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “မနေ့ (ဖေဖော်ဝါရီ ၅)ကတစ်ရက်တည်း စစ်ကောင်စီက စာသင်ကျောင်း ၂ ကျောင်းကို လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့ပါတယ်။ နောက်ပြီး လွိုင်ကော်နဲ့ ဒီမော့ဆိုအမြောက်တပ်တွေကနေလည်း လက်နက်ကြီးတွေနဲ့ ၆ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ပါတယ်။ ဒေါဆီအီကျေးရွာကိုတော့ စစ်ကောင်စီက ပေါင် ၅၀၀ နဲ့လာရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်” ဟု ပြောသည်။

    စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် ကလေး ၁၀ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာများရရှိခဲ့ပြီး ဒေသခံအရပ်သား ၅ဦးထက်မနည်းလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    စစ်ကောင်စီသည် အပြစ်မဲ့အရပ်သားပြည်သူများခိုလှုံနေသည့် စာသင်ကျောင်း၊ ဆေးပေးခန်းနှင့် ဘာသာရေးအဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း ကလေးငယ်များနှင့်အရပ်သားများကို အကြောင်းမဲ့သတ်ဖြတ်ခြင်းအား ပြောင်ပြောင်တင်းတင်း လုပ်ဆောင်လာကြောင်း KSCCက ထုတ်ပြန်ထားသည်။

    စစ်ကောင်စီ၏ လုပ်ရပ်သည် နိုင်ငံတကာ၏ ဥပဒေများနှင့် လူ့အခွင့်အရေးပြဌာန်းချက်များအား ဖောက်ဖျက်ခြင်းဖြစ်ပြီး စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း KSCC က ဆိုသည်။

    အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်ကောင်စီက ယမန်နေ့တွင် ဒီမော့ဆို၌ လေကြောင်းပျံသန်းမှုမရှိခဲ့ဟု နိုင်ငံပိုင် သတင်းစာမှတစ်ဆင့် ယနေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ထုတ်ပြန်ငြင်းဆိုထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks