မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ကလွီကျေးရွာတွင် ဇန်နဝါရီလ ၂၅ ရက်နေ့က အဝီစိရေတွင်း တူးနေသည့် အမျိုးသား ၃ ဦး ဓါတ်လိုက်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ကလွီကျေးရွာနေ ဦးကျော်သက်၏ နေအိမ်ခြံဝင်းအတွင်း အဝီစိတွင်းတူးနေသည့် ဦးမောင်စိုးနှင့် အခြားအမျိုးသား ၂ ဦးတို့က အဝီစိတွင်းမှ သံပိုက်ကို ပြန်လည်ဆွဲထုတ်ယူနေစဉ် သံပိုက်ထိပ်ဖျားနှင့် ကျေးရွာအတွင်း သွယ်တန်းထားသည့် လျှပ်စစ်ကြိုးတို့ ထိမိခဲ့ရာမှ ဓါတ်လိုက်မှုဖြစ်ပွားခဲ့သည်။
ဓါတ်လိုက်မှုကြောင့် သံပိုက်ကို ဆွဲထုတ်နေသည့် အမျိုးသား သုံးဦးစလုံး သေဆုံးခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“အဝီစိတူတဲ့ ၃ ဦးလုံးက ချောင်းဆုံအနောက်ရပ်ကွက်ကလို့ သိရတယ်။ သေဆုံးသူတွေက ဦးမောင်စိုးရယ်၊ သူ့သားဖြစ်တဲ့ မောင်အောင်ခိုင်စိုရယ်၊ နောက် မောင်လှသိန်းဦးတို့ဖြစ်ကြတယ်” ဟု ၎င်းဒေသခံက ပြောသည်။
ဓါတ်လိုက်သေဆုံးခဲ့သူများကို လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တို့က ချောင်းဆုံမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ဦးမောင်စိုးအပါအဝင် ၃ ဦး သေဆုံးခဲ့မှုအပေါ် အဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် ချေင်းဆုံမြို့မရဲစခန်းတွင် သေဆုံး၊ သေခင်းဖွင့်လှစ်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။