Wednesday, March 18, 2026
More
    spot_img
    Homeသတင်းရေးတွင် ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က ပိတ်ဆို့ရှာဖွေနေ

    ရေးတွင် ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က ပိတ်ဆို့ရှာဖွေနေ

    -

    နိုဝင်ဘာ ၂၄၊ ၂၀၂၃

    မွန်ပြည်နယ်၊ ရေးမြို့ပေါ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ကြား ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဘက်က ပိတ်ဆို့ရှာဖွေမှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

    နိုဝင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် ရေးမြို့နယ်၊ ရန်မျိုးအောင်ရပ်ကွက်၊ ၁၃ လမ်းရှိ အအေးဆိုင်တစ်ဆိုင်တွင် တည်ရှိနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးတို့က ရောက်ရှိလာပြီး စတင်ပစ်ခတ်ခဲ့ရာမှ နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

    “နှစ်ယောက်ကဆိုင်ကယ်နဲ့လာတာ သတင်းလာစုံစမ်းရင်းနဲ့ အဲ့ဆိုင်မှာအချိုရည်သောက်နေတယ်။ စစ်သားတွေချက်ချင်းရောက်လာပြီးတော့ သူတို့ကိုပစ်တယ် လက်မှာတစ်ယောက်ထိသွားတယ် သွေးတွေကြီးပဲ။ သူတို့ကပြန်ပစ်တော့ စစ်သားတွေသုံးယောက်ထိသွားတယ်။ ပြီးတာနဲ့ ဆိုင်ကယ်တောင်ယူမမှီဘူး ပြေးထွက်သွားတယ်” ဟု ရေးမြို့ခံတစ်ဦးက ပြောသည်။

    ပစ်ခတ်မှုသည် မိနစ်ပိုင်းအတွင်းဖြစ်ပွားခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က နောက်ဆုတ်သွားပြီးနောက် အင်အား ၃၀ ထက်မနည်းသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အခင်းဖြစ်ပွားနေရာသို့ ရောက်ရှိလာခဲ့သည်ဟု ဆိုသည်။

    စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် နေရာတဝိုက်က လမ်းများအားလုံး ပိတ်ထားပြီး နေအိမ်များကို တစ်အိမ်တက်ဆင်း ပိတ်ဆို့ရှာဖွေမှု လုပ်ဆောင်ခဲ့သည်ဟု ရက်ကွက်နေသူတို့ထံမှ သိရသည်။

    “ပစ်ခတ်မှုဖြစ်ပြီးတော့ ကား ၃ စီးနဲ့ ရောက်လာတယ်။ တစ်အိမ်တက် တစ်အိမ်ဆင်းခေါ်ပြီး စစ်တယ်။ အိမ်ပေါ်မှာ စစ်ရင်လည်း အိမ်တံခါးပိတ်ပြီး စစ်တယ်။ ဘယ်သူ့ကိုမှ အပြင်မပေးထွက်ဘူး။ လမ်းတွေလည်းပိတ်ထားတယ်” ဟု အခြားမြို့ခံတစ်ဦးက ပြောသည်။

    အဆိုပါပစ်ခတ်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး ကျည်ဖောက်ဝင်ဒဏ်ရာရခဲ့ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ၁ ဦး လက်မောင်းတွင် ကျည်ဖောက်ဝင်ဒဏ်ရာရရှိသွားခဲ့သည်ဟု မျက်မြင်တွေ့ရှိသူတို့က ဆိုသည်။

    ဒဏ်ရာရရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးကို လူမှုကူဆယ်ရေးအဖွဲ့တို့က ရေးခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ဆေးကုသမှုခံယူနေရကြောင်း မြို့ခံတို့ထံမှ သိရသည်။

    စစ်အုပ်ချုပ်ရေးကြေညာထားသည့် ရေးမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ဒေသတွင်းလှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲ မကြာခဏဖြစ်ပွားနေပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုလည်း မကြာခဏဖြစ်ပွားနေကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks