မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီ အမြှောက်တပ် ၃၁၇ မှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းကြောင့် ဒေသခံများ စိုးရိမ်ကြောင်လန့်နေကြကြောင်း ဒေသခံတို့ထံမှ သိရသည်။
ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီ အမြှောက်တပ် ၃၁၇ မှ ပြီးခဲ့သည့် နိုဝင်ဘာလ ၄ ရက်နှင့် ၅ ရက်နေ့တို့တွင် မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေဒေသအနီးဝန်းကျင်ရှိ ကျေးရွာဘက်သို့ လက်နက်ကြီး ၆ လုံးထက်မနည်း ပစ်ခတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ပစ်တဲ့အသံရော၊ ကျတဲ့အသံရော ကြားတာက ၆ လုံးလောက်ရှိမယ်။ အသံတွေက ကိုယ့်အိမ်ပေါ်ကျသွားသလိုပဲ တော်တော်ကျယ်တာ။ ကျတာက ရစ်ချောင်းဟိုဘက်ကမ်းဖြစ်တဲ့ ကိုင်းတော၊ နတ်ကျောက်ဘက် ခြံထဲမှာ ၃ လုံး ကျတာ၊ နတ်ကျောက်မှာကျတဲ့အလုံးက လူထိခါနီးပဲ။ ဝယ်ပေါင်ဘက်မှာလည်း ကျတယ်လို့ကြားတယ်” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးသည် မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေဒေသအနီးဝန်းကျင်ရှိ ဝယ်ပေါင်၊ ကျုံလောင်း၊ ကိုင်းတော၊ နတ်တောင်ကျေးရွာအနီးပတ်ဝန်းရှိ ခြံထဲသို့ ကျရောက်ပေါက်ကွဲသည်။
လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် လူထိခိုက်သေဆုံးမှု၊ နေအိမ်ပျက်စီးမှုမရှိခဲ့သော်လည်း ဒေသခံများအကြား စိုးရိမ်ကြောက်လန့်နေကြသည်ဟု ရစ်ချောင်းဒေသခံတစ်ဦးက ပြောသည်။
“အခုဆို ရွာကလူတွေ တော်တော်လန့်နေကြတယ်။ ဘယ်လောက်ထိဖြစ်နေလဲဆို ဗမာစစ်သားတွေ ရွာထဲဝင်လာပြီး သတင်းကြားတာနဲ့ ပြေးကြ၊ ပုန်းကြတာ။ သတင်းက မှန်လား မှားလား မသိဘူး။ ပြေးပြီးပဲ အဲလောက်တောင် ဖြစ်နေကြတာ။ လန့်နေကြတာ” ဟု အထက်ပါ ရစ်ချောင်းဒေသခံက ပြောသည်။
စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်နေမှုကြောင့် ဒေသခံများ ဥယျာဉ်ခြံနှင့် ရော်ဘာခြံသို့ မသွားရဲကြသလို တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်သည့်အတွက် အချို့ကလည်း အခြားဒေသသို့ ပြောင်းရွှေ့နေကြသည်လည်း ရှိသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၀ ရက်နေ့က ရေးမြို့နယ်၊ ကျုံလောင်းကျေးရွာဘက်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲတွင် အရပ်သားတစ်ဦး သေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
စစ်အုပ်ချုပ်ရေးကြေညာထားသည့် ရေးမြို့နယ်အတွင်း အခြေစိုက်ထားသည့် စစ်ကောင်စီတပ်စခန့်တို့မှ လူနေကျေးရွာဘက် လက်နက်ကြီးဖြင့် မကြာခဏပစ်ခတ်လေ့ရှိကြောင်း စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ သေဆုံးမှုရှိခဲ့သလို ထိခိုက်ဒဏ်ရာရသူလည်း ရှိကြောင်း ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။
မွန်ဒေသအတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်နေမှုကို ဆင်ခြင်ပြီး ထိန်းသိမ်းပေးရန် မွန်ပြည်သစ်ပါတီက ပြီးခဲ့သည့် NCA ၈ နှစ်ပြည့် အခမ်းအနားအပြီး အောက်တိုဘာ ၁၆ ရက်နေ့က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ်က တောင်းဆိုခဲ့သည်။