အောက်တိုဘာ ၂၄၊ ၂၀၂၃
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အပြင်စခန်းကြီးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေး (PDF) ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။
အပြင်စခန်းကြီးရွာအနီး မော်လမြိုင်-ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးတွင် စစ်ဆေးမှုပြုလုပ်နေသည့် PDF ပူးပေါင်းတပ်ဖွဲ့ကို စစ်ကောင်စီတပ်တို့က အောက်တိုဘာလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့်က အမြှောက်ဖြင့် ၃ ချက်ခန့် ပစ်ခတ်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ထုတ်ပြန်ထားသည်။
ယင်းနောက် PDF ပူးပေါင်းတပ်ဖွဲ့တို့က ပြန်လည်ဆုတ်ခွာပြီး အပြင်စခန်းကြီးရွာအနီးရှိ ဘုရားကုန်းတွင် တပ်ဖြန့်ထားချိန် နေ့လယ် ၁၁ နာရီခွဲအချိန်တွင် အင်အား ၂၀ ခန့်ရှိသည့် စစ်ကောင်စီတပ်တို့က ချဉ်းကပ်လာပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲ ၁၀ မိနစ်ခန် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၄ ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ထုတ်ပြန်ထားသော်လည်း အဆိုပါ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး လွတ်လပ်သောမွန်သတင်းအေဂျင်စီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
အောက်တိုဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းကလည်း ရေးတံတားကြီးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ဒေါနစစ်ကြောင်း၊ ရေးပြောက်ကျားတပ်ဖွဲ့၊ ABSDF တပ်ရင်း (၁) ပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အပြန်အလှန် ၂ နာရီခွဲကျော် တိုက်ပွဲဖြစ်ပွားခဲ့ကြသည်။
တိုက်ပွဲတွင် စစ်ကောင်စီဘက်က ဗိုလ်ကြီးနှစ်ဦးအပါအဝင် ၂၇ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်ထံမှ RPG ၁ လက်၊ MA1 ၄ လက်၊ MA2 စက်လက် ၂ လက်၊ MA3 ၂ လက်၊ MA4 ၁ လက်၊ သေနတ်အတို ၂ လက်အပြင် ခဲယမ်းများ၊ စစ်ဘက်ဆိုင်ရာ ဆက်စပ်ပစ္စည်းများလည်း သိမ်းဆည်းရမိခဲ့ကြောင်းလည်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
စစ်အုပ်ချုပ်ရေးကြေညာထားသည့်ရေးမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ဒေသတွင်းလှုပ်ရှားနေသည့်
ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား ထိတွေ့တိုက်ပွဲ မကြာခဏဖြစ်ပွားနေသည်။