spot_img
Thursday, March 5, 2026
More
    spot_img
    Homeသတင်းကျိုက်မရော အနိမ့်ပိုင်းနေရာများ ရေကြီးရေလျှံမှုဖြစ် ပြည်သူအချို့ကို ပြောင်းရွှေ့ရန်စီစဉ်

    ကျိုက်မရော အနိမ့်ပိုင်းနေရာများ ရေကြီးရေလျှံမှုဖြစ် ပြည်သူအချို့ကို ပြောင်းရွှေ့ရန်စီစဉ်

    -

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုကြောင့် အတ္ထရံမြစ်ရေတိုးလာပြီး အနိမ့်ပိုင်းနေရာများ ရေကြီးရေလျှံမှု ဖြစ်ပွားပြီး ပြည်သူများဘေးလွတ်ရာပြောင်းရွှေ့ရန် စီစဉ်နေသည်ဟု ဒေသခံများထံမှ သိရပါသည်။

    မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျိုက်မရောမြို့ပေါ်ရှိ အနိမ့်ပိုင်းနေရာများဖြစ်သည့် ရှင်စောပု ရပ်ကွက် ၁ နှင့် ရပ်ကွက် ၂၊ ရန်မျိုးအောင် ကျေးရွာများဖြစ်ကြသည့် ဖာသိမ်ကျေးရွာ၊ ချောင်းနှစ်ခွကျေးရွာ၊ ငပြေမကျေးရွာ၊ မယ်ကရိုကျေးရွာ၊ ဦးလေးကျေးရွာ၊ နိတုံကျေးရွာ၊ ကွာငန်ကျေးရွာ၊ အတ္ထရံပေါလောကျေးရွာ၊ လှကဇိုင်းကျေးရွာ၊ ကျိုက်ပရန်ကျေးရွာများ၊ ကော့ကလေ့ကျေးရွာ၊ ဘိန်းဗျောကျေးရွာ၊ ဖားပျောက်ကျေးရွာ၊ ပိန္နဲကုန်းကျေးရွာ၊ လမုခိုကျေးရွာ၊ ကော့ဘွီးကျေးရွာ၊ ကျုံစိန်ကျေးရွာများအတွင်းသို့ ရေဝင်ရောက်နေသည်ဟု ဆိုသည်။

    “မြို့အောက်ပိုင်းကျတော့ ခါးလောက်ရှိတယ်။ အပေါ်ပိုင်းကတော့ ဒူးခေါင်းလောက်ပေါ့ ရှင်စောပု၊ ရန်မျိုးအောင်၊ ဘိန်းဗျော၊ ကလိုင်းကနိင်ဘက်ကတော့ ရေပိုများတာပေါ့ စာသင်ကျောင်းတွေက ကျောင်းဝင်းထဲရေဝင်တာ လောက်ပဲ အထဲထိတော့ရေဝင်တာတော့ မရှိသေးဘူး” ဟု ကျိုက်မရောမြို့ခံတစ်ဦးက ပြောသည်။

    ရေဝင်ရောက်နေသည့် အနိမ့်ပိုင်းရပ်ကွက်နေပြည်သူတို့ကို နီးစပ်ရာ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းများထံ ပြောင်းရွှေ့ထားနိုင်ရန် မြို့နယ်ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲရေးရုံးမှ စီစဥ်နေကြောင်း သိရသည်။

    “အခုလို စီစဉ်ရတာက ရေကတော့ကျလည်းမကျသလို တက်လည်းပိုမတက်လာသေးဘူး မိုးကဆက်တိုက်ရွာနေတော့ လေရောမိုးရောပဲ ၂၀၁၈ ခုနှစ်လိုရေထပ်ကြီးမှာကို စိုးရိမ်လို့ ကြိုတင်ပြင်ဆင်ထားတာပေါ့လေ” ဟု နီးစပ်သူတစ်ဦးက ပြောသည်။

    ရေဝင်ရောက်နေသည့် ရပ်ကွက်၊ ကျေးရွာနေပြည်သူများကို လူမှုကယ်ဆယ်ရေးအဖွဲ့တို့က သောက်သုံးရေများ လိုက်လံလှူဒါန်ပေးနေသည့်အပြင် မြို့နယ်ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲရေးရုံးမှလည်း စားနပ်ရိက္ခာများ လှူဒါန်းပေးသွားရန် စီစဥ်ထားကြောင်းလည်း သိရသည်။

    အတ္ထရံမြစ်ရေ အစိုးရိမ်ရေအမှတ်သည် ၅၂၀ စင်တီမီတာရှိပြီး ဩဂုတ်လ ၈ ရက် နံနက်ပိုင်းတိုင်းတာချက်များအရ အတ္ထရံမြစ်ရေသည် ၄၄၂ စင်တီမီတာအထိ ရောက်ရှိနေကြောင်း ပြည်နယ်မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks