မှုခင်းအထူးသတင်းထောက်ဆိုသူအပါအဝင် ၃ ဦးထံမှ လက်နက်နှင့် မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့ကြောင်း လောင်းမြို့နယ်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF) က ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်နေ့ ညနေပိုင်းက သတင်းအရ လောင်းလုံးမြို့နယ်၊ အောက်ရေဖြူကျေးရွာအုပ်စု၊ ကထိန်ကြီးကျေးရွာမှ တစ်ဦးနှင့် ဂေါ့အင်းကျေးရွာမှ နှစ်ဦးတို့နှင့်အတူ မူးယစ်ဆေးဝါး၊ လက်နက်များ ဖမ်းဆီးရမိသည်ဟု LLPDF က ဇူလိုင်လ ၂၅ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
ဖမ်းဆီးရမိသူ ၃ ဦးအနက်မှ မူးယစ်ဆန့်ကျင်သတင်းစုံစမ်းဖော်ပြရေးနှင့် ထောက်လှမ်းရေး အထူးသတင်းထောက်တစ်ဦး ပါဝင်သည်ဟုလည်း LLPDF က ဆိုထားသည်။
၎င်းတို့ထံမှ သေနတ် ၂ လက်၊ ဓါးရှည် ၃ ချောင်း၊ ဓါးမြှောင် ၄ ချောင်း၊ သုံးဆင့်ချိုးလက်ရိုက်တုတ် ၁ ချောင်းနှင့် WY ဆေးပြား ၃၇၅ ပြားနှင့် ငွေသား ၂၈၇၂၀၀ ကျပ်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း LLPDF ၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
အဆိုပါ ဖမ်းဆီးရမိသူ ၃ ဦးသည် ယခင်ကတည်းက မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေသည်ဟု သတင်းထွက်နေကြောင်း လောင်းလုံးဒေသခံတစ်ဦးက ပြောသည်။
ဖမ်းဆီးရမိသူ ၃ ဦးကို ကြိမ်ဒဏ် ၇ ချက်စီ အပြစ်ပေးကာ နောက်နောင် မူးယစ်ဆေးဝါး ထပ်မံသုံးစွဲပါက ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ဝန်ခံကတိလက်မှတ်ထိုးစေပြီး ပြန်လွှတ်ပေးခဲ့ကြောင်း သိမ်းဆည်းရမိသည့် ငွေ ၂၈၇၂၀၀ ကျပ်ကို လောင်းလုံးမြို့နယ် စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေးအတွက် လှူဒါန်းသွားမည်ဖြစ်ကြောင်း LLPDF ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လောင်းလုံးမြို့နယ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုများ လုံးဝမပြုလုပ်ရန် LLPDF က သတိပေးထုတ်ပြန်ထားပြီး လုပ်ဆောင်နေမည်ဆိုပါက ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။