ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၆)၊ ဒူးပလာယာခရိုင်တွင် ဇွန်လ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲကြီး၊ တိုက်ပွဲငယ် ၂၉ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ကေအဲန်ယူ ဗဟိုက ထုတ်ပြန်ထားသည်။
တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်က ဗိုလ်မှူးကြီး တစ်ဦး၊ ဒု-ဗိုလ်မှူးကြီး တစ်ဦးနှင့် နယ်ထိန်းရဲအရာရှိ တစ်ဦး အပါအဝင် စုစုပေါင်း ၄၆ ဦး သေးဆုံးပြီး ၂၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က တစ်ဦး သေဆုံးကာ၊ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ပါရှိသည်။
ဇွန်လအတွင်း၌ စစ်ကောင်စီဘက်က လေကြောင်းဖြင့် ၃ ကြိမ် ဗုံးကြဲပစ်ခတ်ခဲ့ပြီး ခရစ်ယာန် ဘုရားကျောင်း တစ်ကျောင်းနှင့် နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့သည်။
၎င်းပြင် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အသက် ၁၀ နှစ်အရွယ် ကလေး နှစ်ဦး အပါအဝင် ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နှစ်ဦး သေဆုံးသွားခဲ့သည်ဟုလည်း ကေအဲန်ယူက ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်မှ လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့်အတွက် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး နေရာထိုင်ခင်း၊ စားနပ်ရိက္ခာ၊ ကျန်းမာရေးဆိုင်ရာဆေးဝါးများနှင့် ကုသမှုများ လုံလောက်မရှိသည့်အတွက် အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟုလည်း ကေအဲန်ယူက ထုတ်ပြန်ထားသည်။
ကေအဲန်ယူ ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ K.N.L.A ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်း ၂၄၉၅ ကြိမ် ဖြစ်ပွားခဲ့သည်ဟု ကေအဲန်ယူဗဟိုက ထုတ်ပြန်ထားသည်။
ကေအဲန်ယူ ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း တိုက်ပွဲ နေ့စဥ်မပြတ် ဖြစ်ပွားလျှက်ရှိပြီး စစ်ကောင်စီတပ်ဘက်မှ စစ်ရာဇဝတ်မှုများနှင့် လူ့အခွင့်ရေးချိုးဖောက်မှုများကို ပုံစံအမျိုးမျိုးဖြင့် ကျုးလွန်နေကြောင်းလည်း ကေအဲန်ယူက ဆိုထားသည်။
လက်ရှိတွင် ကော်သူးလေအုပ်ချုပ်နယ်မြေများအတွင်း စစ်ဘေးရှောင်ဦးရေ ၆ သိန်းနီးပါး ရှိနေသည်ဟု ကေအဲန်ယူဗဟိုက ထုတ်ပြန်ထားသည်။
