ငြိမ်းချမ်းရေးအတွက် စစ်ကောင်စီ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ (NMSP) ကိုယ်စားလှယ်အဖွဲ့တို့ ဇူလိုင်လ ၅ ရက်နေ့က နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာနတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ စစ်ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်တို့ ဦးဆောင်သည့်အဖွဲ့နှင့် မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဌ နိုင်အောင်မင်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်ဗညားလယ်နှင့် နိုင်အောင်မငေးဦးဆောင်သည့်အဖွဲ့တို့ တက်ရောက်ခဲ့သည်ဟု ဆိုသည်။
တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ ဇွန်လ ၆ ရက်နေ့တွင်လည်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး ဆွေးနွေးခဲ့သည့်အကြောင်းအရာများကိုတော့ ထုတ်ပြန်ထားခြင်းမရှိသေးပေ။
ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်နေ့ကလည်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့ဖြစ်သည့် ရခိုင်ပြည် နယ်လွတ်မြောက်ရေးပါတီ(ALP)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင် အမျိုးသား လွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ စစ်ကောင်စီ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် နေပြည်တော်တွင် သုံးရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြသေးသည်။
စစ်ကောင်စီ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီတို့ တဖွဲ့ချင်းတွေ့ဆုံဆွေးနွေးခဲ့သလို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့်လည်း တဖွဲ့ချင်းတွေ့ဆုံဆွေးနွေးသွားဖို့လည်း ရှိနေသည်။
ဇွန် ၁ ရက်နေ့ကလည်း တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် စစ်ကောင်စီ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့ ဖြစ်သည့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော်(AA) တို့ မိုင်းလားမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
စစ်ကောင်စီသည် (NCA) လက်မှတ်ရေးထိုးထားသည့် အပစ်ရပ်တိုင်းရင်းသားလက်ကိုင်အဖွဲ့များအပြင် မြောက်ပိုင်းမဟာမိတ်ညီနောက် ၃ ဖွဲ့နှင့် အင်းအားကြီး “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နှင့် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) တို့နှင့်လည်း တွေ့ဆုံးဆွေးနွေးနိုင်ဖို့ ကြိုးစားနေသည်။
