တရုတ်အာဏာပိုင်များသည် တိဗက်မှာရှိသည့် ဘုန်းကြီးကျောင်းအများအပြားကို ဝင်ရောက်ရှာဖွေမှုပြုလုပ်ခဲ့ပြီး အိန္ဒိယနိုင်ငံတွင် နေထိုင်လျက်ရှိတဲ့ တိဗက်ခေါင်းဆောင် ဒလိုင်းလားမားကို ဆန့်ကျင်လာဖို့ တိဗက်သံဃာတော်တွေကို ဖိအားပေးလုပ်ဆောင်နေတယ်လို့ သိရသည်။
ဒီ (၂) ရက်တာကာလမှာ တရုတ်အာဏာပိုင်များက တိဗက်ဘုန်းကြီးကျောင်းတိုင်းကို သွားရောက်ခဲ့ပြီး တိဗက်ဘာသာရေးနှင့် နိုင်ငံရေးခေါင်းဆောင် ဒလိုင်းလားမားနှင့် ဆက်သွယ်မှု ရှိ၊ မရှိ မေးမြန်းစစ်ဆေးသည့်အပြင် ၎င်းနှင့်သက်ဆိုင်တဲ့ ဓါတ်ပုံတွေ၊ စာပေတွေ ရှိ၊ မရှိဆိုသည်ကိုလည်း ဝင်ရောက်ရှာဖွေခဲ့ကြပါတယ်။
ဒါ့အပြင် တိဗက်ခေါင်းဆောင် ဒလိုင်းလားမားဟာ တရုတ်နိုင်ငံပြိုကွဲစေရန် ဖန်တီးလုပ်ဆောင်နေသူ တစ်ဦးဟု စွပ်စွဲပြီး ၎င်းနှင့် အဆက်အသွယ် မပြုကြောင်းဆိုသည့် ကတိဝန်ခံချက်လက်မှတ်ရေးထိုးဖို့ တိဗက်ဘုန်းကြီးများကို တရုတ်အာဏာပိုင်တွေက အတင်းအကျပ် တွန်းအားပေးခဲ့တယ်လို့လည်း သိရသည်။
တိဗက်နိုင်ငံတွင် လူဦးရေ (၃၅) သိန်းခန့်ရှိပြီး ဟေမဝန်တောင်ပေါ်မှာ တည်ရှိနေသည့် ဗုဒ္ဓဘာသာကိုးကွယ် နိုင်ငံတစ်ခုဖြစ်သည်။ (၁၉၄၉) ခုနှစ်တွင် တရုတ်စစ်တပ်တွေ သိမ်းပိုက်လိုက်တဲ့အတွက်ကြောင့် တိဗက်ကို ဘာသာရေးဖြင့် အုပ်ချုပ်နေသည့် ဆရာတော် ဒလိုင်းလားမားက အိန္ဒိယနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
ထိုနောက် တရုတ်အာဏာပိုင်များသည် ၎င်းတို့၏ အုပ်ချုပ်ရေး တာဝန်ရှိသူများကို ပို့ဆောင်ခဲ့ပြီး တိဗက်နိုင်ငံကို အုပ်ချုပ်စေခဲ့သည်။ တိဗက်နိုင်ငံ လာဆာ (lasah) မြို့ကြီးမှာ တရုတ်လူးမျိုးများနှင့် ပြည့်လျှံလျက်ရှိပြီး လူဦးရေး (၈၀) ရာခိုင်နှုန်းခန့် မှာ တရုတ်လူမျိုးများ ဖြစ်ကြသည်။
ဘုန်းတော်ကြီး ဒလိုင်းလားမားသည် တိဗက်လွတ်လပ်ရေးအတွက် တောင်းဆိုခဲ့ပြီး ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုနှင့် ဘာသာတရားတို့ကို ထိန်းသိမ်းသွားမည်ဟုလည်း ပြောဆိုခဲ့သည်။