မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကမာစိုင်ကျေးရွာနှင့် ကလိကျွန်းကျေးရွာကြား ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် အမျိုးသား ၁ ဦး မိုင်းစထိမှန် ဒဏ်ရာရရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။
ဇွန်လ ၆ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်က ကမာစိုင်ကျေးရွာမှ ဦးခိုင်ထွန်းနှင့် ဦးဖားထေးဆိုသူတို့နှစ်ဦး ဆိုင်ကယ်မောင်းနှင်လာစဥ် ကမာစိုင်ကျေးရွာနှင့် ကလိကျွန်းကျေးရွာကြားအရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်သည်။
မိုင်းဆွဲခံရမှုကြောင်း ဦးခိုင်ထွန်းသည် ဝမ်းဗိုက်တွင် မိုင်းစဖောက်ဝင်ဒဏ်ရာရရှိခဲ့ပြီး ဦးဖာထေးကတော့ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။
“သူတို့နှစ်ဦးက ဆိုင်ကယ်စီးလာရင်း မိုင်းဆွဲခံရတာ၊ ဦးခိုင်ထွန်းကတော့ ဗိုက်မှာ မိုင်းစထိသွားပေမယ့် နောက်တစ်ယောက်ကတော့ ဘာမှမဖြစ်ဘူး။ ဒဏ်ရာကတော့ မပြင်းဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။
မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့သည့် ဦးခိုင်ထွန်းကို လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ အကူအညီဖြင့် သိမ်ဆိပ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီထောက်ခံ တယ်လီဂရမ်ချန်နယ်မှာတော့ ဘီးလင်းဘက်မှ သထုံဘက်သို့ မောင်းနှင်လာသော စစ်ကောင်စီယာဥ်တန်းကို KNU/PDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ရာ စစ်ယာဥ်တန်းကိုမထိဘဲ စစ်ယာဥ်တန်းအနောက်မှ ဆိုင်ကယ်စီးနင်းလိုက်ပါလာသည့် ပြည်သူ ၂ ဦး ထိမှန်သွားကြောင်း ရေးသားဖော်ပြထားသည်။
မွန်ပြည်နယ် သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်ကြား ရန်ကုန်-မော်လမြိုင်ကားလမ်းတလျှောက်တွင် စစ်ကောင်စီယာဉ်တန်းများ မကြာခဏ တိုက်ခိုက်ခံရလေ့ရှိသည့်အပြင် ခရီးသည်တင်ယာဥ်၊ ကုန်တင်ယာဥ်များနှင့် လူမှုကယ်ဆယ်ရေးယာဥ်များ ပစ်ခတ်တိုက်ခိုက်ခံရသည့်ဖြစ်စဥ်၊ မိုင်းဆွဲတိုက်ခိုက်ခံရသည့်ဖြစ်စဥ် မကြာခဏဖြစ်လေ့ရှိသည်။
