သွေးလွန်တုပ်ကွေးဖြစ်ပွားမှုများသည့် မွန်ပြည်နယ်တွင် မိုးတွင်းကာလ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်ထားရန်လိုအပ်ကြောင်း ကျန်းမာရေးတာဝန်းရှိသူတို့က ပြောသည်။
မိုးတွင်းကာလတွင် အဖြစ်များသည့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်တားဆီးရန်အတွက် ကျန်းမာရေးဌာနမှ ပညာပေးလုပ်ငန်းများ၊ ခြင်နှိမ်နင်းကာကွယ်ရေးလုပ်ငန်းများနှင့် ပိုးလောက်လံသတ်ဆေးခပ်ခြင်းလုပ်ငန်းများကို သက်ဆိုင်ရာ မြို့နယ်ရှိ ရပ်ကွက် ကျေးရွာများတွင် ဆောင်ရွက်လျက်ရှိသည်။
ပြည်သူအနေနှင့်လည်း သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေးအတွင် မိမိတို့နေအိမ်ပတ်ဝန်းကျင်တွင် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ပုံမှန် လုပ်ဆောင်ရန်လည်း လိုအပ်သည်ဟု မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။
“အဓိကတော့ မိမိရဲ့ပတ်ဝန်းကျင်မှာ သွေးလွန်တုပ်ကွေးပိုးကို သယ်ဆောင်စေတဲ့ ခြင်ပေါ့နော် အဲဒီခြင်မပေါက်အောင် ကျွန်တော်တို့ အဓိက ကာကွယ်ရေးလုပ်ငန်းကို လုပ်ဆောင်ရမှာဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေးခြင်တွေ အဓိကနေတာက မိုးရာသီကာလမှာ ရေစည်ရေအိုး ရေကန် နောက်ခြုံနွယ်ပိတ်ပေါင်းတွေ ထူထပ်တဲ့နေရာတွေ ရေစီးရေလာမကောင်းတဲ့နေရာတွေမှာ ခြင်တွေ ခိုအောင်းနိုင်ပါတယ်။ အဲဒီခြင်တွေကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ရှင်းလိုက်ခြင်းအားဖြင့် ဒီရောဂါကိုတော့ အထိုက်အလျောက်ကာကွယ်နိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။
ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိစာရင်းများအရ မွန်ပြည်နယ်သည် နှစ်စဥ် သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားသူ ထောင်ချီရှိပြီး သေဆုံးသူများလည်း ရှိခဲ့သည်။
သွေးလွန်တုပ်ကွေးရောဂါသည် မိုးရာသီတွင် အဖြစ်များပြီး အထူးသဖြင့် ဇွန်၊ ဇူလိုင်၊ သြဂုတ်လတို့တွင် အဖြစ်များတတ်ကြောင်း ၁၅ နှစ်အောက်ကလေးများတွင် အဖြစ်များတက်ကြောင်း ကျန်းမာရေးတာဝန်ရှိသူတို့က ဆိုသည်။
“မိုးဦးကာလမှာဆိုရင် အဓိက အရေးကြီးတာကတော့ ခလေးတွေ ၁၅ နှစ်အောက်ခလေးတွေပေါ့နော် အဖြစ်များတဲ့ သွေးလွန်တုပ်ကွေးတွေ ဖြစ်နိုင်ပါတယ်” ဟု အထက်ပါ မြို့နယ်ကျန်းမာရေး တာဝန်ရှိသူက ဆက်ပြောသည်။
ကျောင်းဖွင့်ရာသီတွင် ကျောင်းပတ်ဝန်းကျင် ခြင်ဆေးဖြန်းလုပ်ငန်းများကိုလည်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့၏ အကူအညီဖြင့် လုပ်ဆောင်နေသည်လည်းရှိသည်။
သွေးလွန်တုပ်ကွေးဖြစ်ပွားမှုသည် ၂ နှစ်တစ်ကြိမ် ၃ နှစ်တစ်ကြိမ် အဖြစ်များတတ်သည့်သဘောသဘာဝရှိသည်ဟုလည်း ကျန်းမာရေးတာဝန်ရှိသူတို့ထံမှ သိရသည်။