မင်းသုတ –
ဆရာကြီးသခင်ကိုယ်တော်မှိုင်းနှင့် ပါလီမန်အစိုးရခေတ် ပြည်တွင်းငြိမ်းချမ်းရေး
“ဆရာမသေခင် တိုင်းပြည်မှာ တကယ့်ငြိမ်းချမ်းရေးအစစ်ကို တွေ့သွားချင်တယ်”
“ကောင်းမျိုး အထွေထွေရယ်နှင့် ချွန်စေမြစေ၊ ဒေါင်းအိုးဝေရယ်လို့ တွန်စေ ကစေသော၊ တစ်ပြည်သားနယ်ချဲ့ အစွန်းရန်ကို တကယ့် တကယ်တွန်းလှန်ဖို့အရေးကလည်း မဝေးတော့ပြီမို့ အရေးကြီးလျှင်ဖြင့် သွေးစည်းပြီး သွေးနီးရာ ဆိုသည့်အတိုင်း၊ ကိုင်း ထထကြွကြွနှင့် ဝိုင်းကြပေရော့’ စသည်ဖြင့် ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ အုတ်ဂူရှိ ကြေးရုပ်တုတွင်ရေးထိုးထားလျှက်ရှိသည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ထိုလက်သုံးစကားများသည် မြန်မာ့သမိုင်းစာမျက်နှာများတွင် ပြန့်လွင့်နေဆဲပင်ဖြစ်သည်။ သို့ရာတွင် မြန်မာပြည်ငြိမ်းချမ်းရေးကို ဆရာကြီး မမြင်တွေ့ခဲ့သလို တာဝန်အရှိဆုံး မြန်မာအစိုးရအဆက်ဆက်ကလည်း လက်ရှောင်ကာ အပြုတ်တိုက်ရေးလမ်းစဉ်ဖြင့် အနှစ် ၆၀ ကျော်ကြာခဲ့ပါပြီ။
“၁၉၄၅ ခုနှစ် ကမ္ဘာ့ငြိမ်းချမ်းရေး စတာလင်ဆု” အပ်နှင်းခံရသူ ဆရာကြီးသခင်ကိုယ်တော်မှိုင်းသည် ၁၉၅၆ ခုနှစ်တွင် မြန်မာနိုင်ငံအရပ်ရပ်သို့ လှည့်လည်ပြီး ပြည်တွင်းငြိမ်းချမ်းရေးနှင့် ကမ္ဘာ့ ငြိမ်းချမ်းရေးတရားများကို ဟောပြောခဲ့သည်။ ထိုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့မှ စ၍ ၃ ရက်တိုင် ကျင်းပသည့် မိုးညှင်းမြို့တွင် ကမ္ဘာ့ ငြိမ်းချမ်းရေးကွန်ဂရက် (ဗမာနိုင်ငံ) ၏ ကချင်ပြည်နယ်ညီလာခံသို့ တက်ရောက်ခဲ့သည်။ မတ် ၃ဝ ရက် အိမ်တော်ရာ (၁၄) စခန်း စရပ်ကြီး၌ မန္တလေး လေးပြင်လေးရပ် ဆရာတော် ၁၄၃ ပါးကို ပြည်တွင်းငြိမ်းချမ်းရေး ပန်ကြားလွှာ တစောင်တင်လျှောက်ထားပြီး သြဝါဒခံယူခဲ့သည်။ သခင်ကိုယ်တော်မှိုင်းသည် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်ရင်းဖြင့် ၁၉၆၄ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။
ပါလီမန်ဒီမိုကရေစီခေတ်ပြည်တွင်းငြိမ်းချမ်းရေးကို ယုံကြည်မိသောမွန်ခေါင်းဆောင်များ
၁၉၅၈-ခုနှစ်၊ ဇူလိုင်လတွင် ဥက္ကဌနိုင်အောင်ထွန်း ဦးဆောင်ပြီး နိုင်ချမ်းမွန်၊ နိုင်ဆိတ်နို့(နိုင်နွန်လာ)၊ နိုင်အောင်တင်၊ နိုင်ဖိုးစိန်၊ နိုင်ငွေသိမ်း၊ နိုင်ထွန်းသိန်း၊ နိုင်သိမ်းမောင်၊ နိုင်ထင် စသည့် မွန်ပြည်သူ့တပ်ဦး ဗဟိုကော်မတီဝင်များနှင့် မွန်လက်နက်ကိုင်တပ်ဖွဲ့အများစုတို့ ငြိမ်းချမ်းရေး ရယူလိုသဖြင့် အကြွင်းမဲ့ လက်နက်ချလိုက်ကြပြီး ဥပဒေဘောင်တွင်း ရပ်တည်လိုက်ကြသည်။ ထိုနှစ် ဇူလိုင်လ (၂၃) ရက်နေ့၊ မော်လမြိုင်မြို့၊ မိုင်ဒါကွင်း၌ မွန်ပြည်သူ့ တပ်ဦးမှ လက်နက်ကိုင်တိုက်ပွဲအသွင်မှ ဥပဒေအတွင်းသို့ ပြောင်းလဲခြင်းအခမ်းအနားကျင်းပရာတွင် လူထုပရိသတ်ကြီးများအား မွန်ပြည်သူ့တပ်ဦး ဥက္ကဌနိုင်အောင်ထွန်း အောက်ပါ အတိုင်း မိန့်ခွန်းပြောကြားခဲ့သည်။
“သန့်ရှင်း ဖ-ဆ-ပ-လ ဥက္ကဌကြီး (ဝါ) နိုင်ငံတော်ဝန်ကြီးချူပ်ဦးနု၏ ဇွန်လ (၂၄) ရက်နေ့ (၁၉၅၈) တွင် မိန့်ကြားသောမိန့်ခွန်းအရ သင်ပုန်းချေ လွတ်ငြိမ်းချမ်းသာခွင့်နှင့် တရားဝင်တည်ရှိခွင့်တို့ကို ဥပဒေပြု ပြဌာန်းပေးမည်ဟု ဆိုထားခြင်း၊ မွန်ပြည်နယ်ကို ဖေါ်ထုတ်ပေးပါမည်ဟု ဂတိပေးထားချက်ကြောင့် နိုင်ငံ တော်ဝန်ကြီးချူပ်နှင့် သန့်ရှင်း ဖ-ဆ-ပ-လ ၏ ဂုဏ်သိက္ခာကို ယုံကြည်တာလဲတကြောင်း။ ပြည်တွင်းငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်ရန်အတွက် တိုးတက်သည့်ပြည်သူ့အဖွဲ့အစည်းများ၏ ဖိတ်ခေါ် ချက်များကို လေးစားသောအားဖြင့်တကြောင်း။ မွန်အမျိုးသားများ၏ ရသင့်ရထိုက်သည့် အခွင့်အရေးမှန်သမျှကို ပါလီမန်ဒီမိုကရေစီနည်းအရ ဥပဒေဘောင်အတွင်း၌ လုပ်ကိုင်ဆောင်ရွက်ခွင့်ရပါက မည်သည့်အခါမှ လက်နက်ကိုင်တော်လှန်ရေးကို လုပ်မည်မဟုတ်ဟု မွန်ပြည်သူ့တပ်ဦးမှဆုံးဖြတ်ချိန်တွင် ကျွန်တော်တို့်ဟာ လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်ကို လုံးဝ စွှန့်လွှတ်လိုက်ခြင်းဖြစ်ပါကြောင်း”
ထိုကာလမှစ၍ မွန်ပြည်သူ့တပ်ဦးသည် တရားဥပဒေဘောင်အတွင်း တရားဝင်ပါတီအဖြစ် ရပ်တည်ခွင့် ရရှိခဲ့ပြီး ၁၉၆၀-ခု၊ ဖေဖေါ်ဝါရီလ (၆) ရက်နေ့တွင် ဗိုလ်နေဝင်းအိမ်စောင့်အစိုးရမှ ကျင်းပပြုလုပ်သော အထွေထွေ ရွေးကောက်ပွဲ၌ ကျိုက္ခမီမြို့နယ် မဲဆန္ဒနယ်မြေမှ နိုင်အောင်ထွန်း ပြည်သူ့လွှတ်တော်အမတ်ဖြစ်ခဲ့သည်။ ရေးမြို့နယ်၌ မွန်ဖိုးချို၊ မုဒုံမြို့နယ်တွင် နိုင်ဖိုးစိန်တို့ မဲအနိုင်ရခဲ့သည်။ သို့ရာတွင် ၁၉၆၂-ခု ဗိုလ်နေဝင်းစစ်အုပ်စုမှ အာဏာသိမ်းစဉ်တွင် အခြားနိုင်ငံရေးသမားများ နည်းတူ မွန်ပြည်သူ့တပ်ဦးခေါင်းဆောင်များ ထောင်အကျဉ်းချ ခံလိုက်ရသည်။ ထိုစဉ်က မွန်ပြည်သူ့တပ်ဦး ခေါင်းဆောင်များအနက် သက်ရှိထင်ရှား ရှိနေသူများမှာ လက်ရှိမွန်အမျိုးသားဒီမိုကရေစီအဖွဲ့ (MNDF) ထိပ်ပိုင်းခေါင်းဆောင်နှစ်ဦးဖြစ်သည့် နိုင်ထွန်းသိန်းနှင့် နိုင်ငွေသိမ်း တို့ဖြစ်ကြပါသည်။
အထက်ပါ “ပြည်တွင်းငြိမ်းချမ်းရေးကို ယုံကြည်မိသော မွန်ခေါင်းဆောင်များ” ဖြစ်ရပ်ကို ခြုံကြည့်လျှင် မွန်တို့အလိမ်ခံလိုက်ရသည်ဟု သမိုင်းတွင်ပြောစမှတ်ဖြစ်ခဲ့ရပါသည်။ မွန်ပြည်သူ့တပ်ဦး အကြွင်းမဲ့ လက်နက်များအပ်နှံပြီး (၄) နှစ်ပင် မပြည့်မီသည့်ကာလတွင် မွန်ခေါင်းဆောင်အသီးသီး ထောင်နန်းစံ ခံလိုက်ရသည့်အဖြစ်များ သမိုင်းတွင်ရစ်ခဲ့သည်။
မွန်ပြည်သူ့တပ်ဦး ဥပဒေဘောင်အတွင်း ဝင်ရောက်သည့်ကာလများတွင် ပြည်သူ့ရဲဘော်တပ်ဖွဲ့၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့နှင့် ရခိုင်ပြည်သူလွတ်မြောက်ရေးအဖွဲ့တို့လည်း ပြည်တွင်းငြိမ်းချမ်းရေး အတွက် မြင့်မြတ်သောစေတနာဖြင့် ဝင်ရောက်လက်နက်အပ်ကာ နိုင်ငံရေးအရ ပြေလည်မှုရအောင် လုပ်ခဲ့သည်ကို တွေ့ရသည်။
ဗိုလ်ချုပ်နေဝင်းလက်ထက်ပြည်တွင်းငြိမ်းချမ်းရေး
ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းပြီး ၁၉၆၃ ခုနှစ်တွင် တွေ့ဆုံဆွေနွေးပွဲ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာသော်လည်း အောင်မြင်မှု မရရှိခဲ့ပါ။ ထိုနှစ် ဇူလိုင်လ (၅)ရက်နေ့တွင် ရန်ကုန်မြို့၌ ငြိမ်းချမ်းရေးဆွေးနွေးပွဲ စတင်ခဲ့သည်။ ၄င်းနောက် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် တော်လှန်ရေးကောင်စီနှင့် မဒညတတို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်သွားပြီဖြစ်ကြောင်း တော်လှန်ရေးကောင်စီမှ ကျေညာသည်။ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ဆွေးနွေးပွဲပျက်ပြီးနောက် မြို့ပေါင်း ၂၇ မြို့မှ နိုင်ငံရေးခေါင်းဆောင်များ၊ စာရေးဆရာများ၊ သတင်းထောက်များ စုစုပေါင်း ၂၇၁ ဦးကို ထိန်းသိမ်းလိုက်သည်။ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ရဲဘော်သုံးကျိပ်အဖွဲ့ဝင် ဗိုလ်လကျ်ာအား ဖမ်းဆီးလိုက်သည်။ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ပထစ အဖွဲ့ချုပ်ဥက္ကဋ္ဌအသစ်ဖြစ်သူ ဗိုလ်မှူးအောင်အား ဖမ်းဆီးခဲ့သည်။
ဒုတိယ ဆွေးနွေးပွဲပျက်သည့်အဖွဲ့တွင် ရဲဘော်ဌေး ခေါင်းဆောင်သော ဗမာပြည်ကွန်မြူနစ်ပါတီ၊ မန်းဘဇန် ခေါင်းဆောင်သော ကေအဲန်ယူအဖွဲ့၊ နိုင်ရွှေကျင် ခေါင်းဆောင်သော မွန်ပြည်သစ်ပါတီတို့မှ မြန်မာနိုင်ငံ ဒီမိုကရေစီ ညီညွှတ်ရေးတပ်ပေါင်းစု (မဒညတ) အမည်အောက်တွင် ပါဝင်ခဲ့သည်။
ငြိမ်းချမ်းရေးပျက်ပြားသဖြင့် အပစ်အခတ်သတ်မှတ်ရက် မကျော်လွန်မီ နိုင်ရွှေကျင်အား သံဖြူဇရပ်မြို့နယ်၊ ကရုပ္ပိရွာသို့ မြန်မာအာဏာပိုင်များ ပို့ဆောင်ပေးခဲ့သည်။ တချိန်တည်းတွင်ပင် ဗမာ့တပ်မတော် စစ်ကြောင်းများကလည်း နိုင်ရွှေကျင် သွားနိုင်မည့်လမ်းကြောင်းများကိုရှေ့တွင်ကြို၍ လိုက်လံပိတ်ဆို့ခဲ့သည်။ သို့သော်လည်း မွန်ဒေသခံများအကူအညီဖြင့် ဥက္ကဌကြီးနိုင်ရွှေကျင် မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်ရှိရာသို့ ဘေးမသီရန်မခ ရောက်ရှိလာသည်။ ထို့အတူ ငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်သွားခဲ့သည့် အလံနီကွန်မြူနစ်ပါတီ (ဗမာပြည်) သခင်စိုးအဖွဲ့ အပြန်ခရီးတွင် ဗမာ့တပ်မတော်စစ်ကြောင်း လိုက်လံတိုက်ခိုက်သဖြင့် သခင်စိုး အသက်ဘေးက သီသီကလေး လွတ်ခဲ့သည်။
၁၉၉၀ ခုနှစ်ဝန်းကျင်မှအပစ်ရပ်စဲမှုများ ငြိမ်းချမ်းရေးမဟုတ်ပါ
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၇) ဖွဲ့နှင့် ငြိမ်းချမ်းရေးရရှိခဲ့ကြောင်း နဝတ၊ နအဖ မကြာခဏ ဝါဒဖြန့်ပြောဆိုနေခဲ့သည်။ ၄င်းတို့ဝါဒဖြန့်ပြောဆိုရေးသားမှုများတွင် ငြိမ်းချမ်းရေးဟုကမ္ဘည်းတင်ပြောဆို ကြသော်လည်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အများစုက ငြိမ်းချမ်းရေးမဟုတ်၊ အပစ်ရပ်စဲထားယုံ သက်သက်မျှသာဖြစ်သည်ဟု သိနားလည်ထားကြသည်။ အပစ်ရပ်တပ်ဖွဲ့များအနေဖြင့် နိုင်ငံရေးအရတွေ့ဆုံ အဖြေရှာလိုကြောင်း တောင်းဆိုခဲ့လေတိုင်း စစ်အစိုးရက အကြောင်းအမျိုးမျိုးပြကာ လမ်းကြောင်းပြောင်း ခဲ့သည်။ အပစ်ရပ်ကာလဆိုသည်မှာ နှစ်ဖက်ယုံကြည်မှု တည်ဆောက်သည့်ကာလဟုလည်း ဗိုလ်ခင်ညွန့်၏ ထောက်လှမ်းရေးများဦးစီးသည့် မြန်မာစစ်အစိုးရအပစ်ရပ်ကိုယ်စားလှယ်တို့ နှုတ်ပြောကတိစကားများကို တိုင်းရင်းသားများ နားလည်လက်ခံပေးခဲ့၏။ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးဟူသည် အမျိုးသားညီလာခံဟု ပြောလိုပြော၊ မိမိတို့သည် အာဏာသိမ်းတပ်မတော်အစိုးရဖြစ်နေသည့်အတွက် နိုင်ငံရေးအရတွေ့ဆုံ ဆွေးနွေးရေး ပြုလုပ်လျှင်တရားဝင်မည်မဟုတ်ပါ၊ နောင်တက်လာမည့် အရပ်သားအစိုးရနှင့် တွေ့ဆုံဆွေးနွေးမှသာ တရားဝင်ဖြစ်မည်ဟု လေသံများပေးကာ အပစ်ရပ်အဖွဲ့များကို အချိန်ဆွဲထားခဲ့သည်။
အပစ်အခတ်ရပ်စဲမှုတွင်အတွေ့အကြုံမရှိ၊ အချိန်ကာလအပိုင်းအခြားအဆင့်ဆင့် Road Map များသတ်မှတ်ထားခြင်း မရှိခဲ့သဖြင့် နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးပွဲများ ဖြစ်လာနိုးမျော်ကိုယ်းစောင့်စားရင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအဖို့ ၁၀ စုနှစ်နှစ်ခုဝန်းကျင် တဝဲလည်လည်အချိန်ကုန်ခံ ခဲ့ရသည်။ ဗမာ့စစ်တပ်၏အချိန်ဆွဲ၊ အပြုတ်တိုက်နည်းဗျူဟာအရ နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်တပ်ဖွဲ့များဖွဲ့စည်းသွားရန် အကြပ်ကိုင်တွန်းအားပေးလာပြန်သဖြင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် လက်နက်ကိုင်ပဋိပက္ခတိုက်ပွဲများ တဖန်ပြန်လည်ဖြစ်ပေါ်လာရပြန်ပါပြီ။
မြန်မာခေါင်းဆောင်တို့၏ ရှေ့လူကတိစကား နောက်လူအလေးမထား
သမိုင်းကိုပြန်လှန်ကြည့်သော် ၁၉၆၂ ခုနှစ်တွင် ဦးနု၏ပါလီမန်အစိုးရ အာဏာသိမ်းခံလိုက်ရစဉ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် ရယူထားသော ငြိမ်းချမ်းရေးမှာ ဦးနုနှင့် တိုင်းရင်းသားခေါင်းဆောင်အချို့ နှင့်အတူ ထောင်နန်းစံ ခဲ့ရလေသည်။ အလားတူ ဗိုလ်ချုပ်ကြီးစောမောင်၏ ၁၉၉၀ ရွေးကောက်ပွဲ ကတိစကားများသည် သူဖြုတ်ချခံလိုက်ရသည်နှင့်အတူ တပြိုင်တည်း လိုက်ပါသွားခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် ဗိုလ်ချုပ်ခင်ညွန့်၏ ထောက်လှန်းရေးကွန်ယက်တစ်ခုလုံး ဖြိုချခံရသောအခါ အပစ်အခတ်ရပ်စဲကာလ မြန်မာစစ်အစိုးရကိုယ်စားလှယ်ကတိစကားများသည်လည်း စစ်အစိုးရနှင့် မသက်ဆိုင်သလို ဖြစ်ခဲ့ရပြန်သည်။
ထို့နောက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအား BGF တပ်ဖွဲ့ပြောင်းလဲ ဖွဲ့စည်းသွားရန် ပိုမိုတွန်းအားပေးလာသဖြင့် လက်ရှိကာလတွင် တိုင်းရင်းသားဒေသအချို့၌ ပစ်ခတ်သံများ ပြန်လည်ထွက်ပေါ်လာရသည်။ BGF ဖွဲ့စည်းရေးမှာ ဗမာ့တပ်တော်၏ တစ်ချက်ခုတ်နှစ်ချက်ပြတ်သည့် ဗျူဟာဖြစ်သည်။ လက်နက်ကိုင်ခုခံသောအဖွဲ့အစည်းများ မရှိစေရေး၊ တိုင်းရင်းသားစစ်သည်များအား အောက်ခြေအဆင့်ဗမာ့တပ်မတော်သားအင်အားအဖြစ် ဖြည့်ဆည်းနိုင်ရေးတို့ ဖြစ်သည်။
လက်ရှိကာလနိုင်ငံရေးအကြပ်အတည်း သမ္မတဦးသိန်းစိန်တို့ ဘယ်လိုဖြေရှင်းသွားမှာလဲ
လက်ရှိတွင် ပြည်တွင်းငြိမ်းချမ်းရေးဖြစ်မြောက်ရန် တောင်းဆိုသံများ နေစဉ်လိုလို ထွက်ပေါ်လာနေပြီ။ ပြည်တွင်းရော ပြည်ပမှာပါ ကျယ်ကျယ်လောင်လောင် ထုတ်ဖေါ်ပြောဆိုနေကြသည်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ၂၀၁၀ ရွေးကောက်ပွဲဝင်ပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများနှင့် ပြည်ပနိုင်ငံများထံမှ ပြည်တွင်းငြိမ်းချမ်းရေး တောင်ဆိုသံများ ထွက်ပေါ်နေသော်ငြား သမ္မတဦးသိန်းစိန်အစိုးရအနေနဲ့ ထင်သာမြင်သာသည့် အပြုသဘောဆောင်သော လုပ်ဆောင်မှုများ မရှိခဲ့သေးပေ။
ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC)၊ ဒေါ်အောင်ဆန်းစုကြည်၊ ရွေးကောက်ပွဲဝင်ညီနောင်တိုင်းရင်းသားပါတီများ၊ လက်နက်ကိုင်တိုင်းရင်းသားပါတီများအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် အပေါင်းလက္ခဏာ အပြုသဘောဆောင်သည့် ထုတ်ဖေါ်ပြောဆိုမှုများကို မီဒီယာများမှ ကြားသိနေရချိန်တွင် ကြံ့ဖွတ်ပါတီအများစုဦးစီးပါဝင်သည့် ပြည်သူ့လွှတ်တော်အမတ်နှင့် တိုင်းရင်းသားကိုယ်စားလှယ်အမည်ခံ (၂၃) ဦးတို့သည် သြဂုတ်လ(၈) ရက်နေ့စွဲဖြင့် အိပ်ဖွင့်ပေးစာတစ်စောင်ကို အစိုးရမီဒီယာများမှတဆင့် ဖေါ်ပြခဲ့ရာတွင် လက်ရှိသမ္မတဦးသိန်းစိန်၏ လှည့်ကွက်အာဘော်များကို ဖတ်ရှုရပေလိမ့်မည်။
၄င်းအိပ်ဖွင့်ပေးစာတွင် ငြိမ်းချမ်းရေးလိုလားသူများအတွက် လိပ်မူထားကာ စစ်ပွဲများမရှိဟု လိမ်ညာရေးသားထားပြီး အမှန်တကယ်ငြိမ်းချမ်းရေးရယူလိုလျှင် ပြည်ထောင်စုတစ်ခုလုံး၏ အကျိုးစီးပွားကိုရှေးရှု၊ စိတ်စေတနာမှန်၊ သဘောထားမှန်၊ ဆွေးနွေးလုပ်ဆောင်မှုအမှန်များဖြင့်ဆောင်ရွက်ဟု ရေးသားထားသည်ကို ထောက်ရှုကြည့်ပါက လာမည့်နေပြည်တော်လွှတ်တော်များအတွင်း ပြည်တွင်းငြိမ်းချမ်းရေးအတွက် လက်ရှိအစိုးရဆောင်ရွက်လိုစိတ် မရှိသေးကြောင်း အရိပ်အမြွက် သိရှိနိုင်ပါသည်။
ထို့အတူ ကချင်ပြည်နယ်အတွင်း ပြီးခဲ့သည့်ဆွေးနွေးပွဲများကို လေ့လာကြည့်လျှင်လည်း ပြည်နယ်အစိုးရ၊ ပြည်ထောင်စုအစိုးရနှင့် လက်ရှိဗမာ့တပ်မတော်အကြီးအကဲများ အနေအထားသည် ရှေ့နောက် အထက်အောက်မညီ ဖြစ်နေသည်။ ချုပ်လိုက်သော် ဗမာ့တပ်မတော်အနေဖြင့် သမ္မတဦးသိန်းစိန် အမိန့်ကိုနာခံမှုရှိမရှိ အကဲစမ်းသည့်ပွဲဟုလည်း ဆိုကောင်းဆိုနိုင်ပေသည်။ အစိုးရ၏ ငြိမ်းချမ်းရေးကိုယ်စားလှယ်များ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထံစေလွှတ်၍ နှစ်ဖက်တွေ့ဆုံ စကားဆွေးနွေးပြောကြားနေစဉ်တွင် ဗမာ့တပ်မတော်စစ်ကြောင်းများသည် ကချင်ဒေသအနှံ့ စစ်ဆင်ရေးပြုလုပ်နေဆဲ၊ ဒုက္ခသည်များ နယ်စပ်သို့ထွက်ပြေးနေရဆဲ၊ ဒေသခံတိုင်းရင်းသူများ မုဒိန်းကျင့်ကြံနေဆဲ၊ ပေါ်တာဆွဲခြင်းနှင့် အကြောင်းမဲ့သတ်ဖြတ်မှုများ ဖြစ်ပေါ်နေဆဲပင်။
ထို့ကြောင့် လာမည့် သြဂုတ် ၂၂ ရက်နေ့၊ နေပြည်တော်လွှတ်တော်အစည်းဝေး ကျင်းပသည့်အခါ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်ပေါ်စေရန် နိုင်ငံရေးပါတီများ တင်ပြမည့်ကိစ္စသည် မလွယ်ရေးချ မလွယ်သေး။ ယခင်နေပြည်တော်လွှတ်တော်များ ကျင်းပခဲ့စဉ်တွင်လည်း ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ တိုင်းရင်းသားပါတီအချို့ ပြောဆိုတင်ပြခဲ့ရာ ပယ်ချခြင်းခံလိုက်ရသည်ကို အမှတ်ရစေလိုသည်။
မည်သို့ပင်ဆိုစေကာမူ မြန်မာအစိုးရအဆက်ဆက်သည် ပြည်တွင်းငြိမ်းချမ်းရေးဟူသော ဝေါဟာရအား နားခါးလှပါသည်။ ငြိမ်းချမ်းရေးစကားလုံးကို ကြောက်လန့်နေကြသည်။ ထို့ကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအပေါ် အပြုတ်တိုက်ချေမှုန်းရေး အနှစ် (၆၀) ကြာစစ်ပွဲများ ဆင်နွှဲနေဆဲဖြစ်သည်။ ကုလသမဂ္ဂအပါအဝင် အများတောင်းဆိုနေသော သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးအား မြန်မာအစိုးရမှ အကြောင်းအမျိုးမျိုးပြကာ ဝေ့လည်ကြောင်ပတ် ရှောင်ရှားနေဦးမည်။ အဘယ်ကြောင့်ဆိုသော် ပြည်တွင်းငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲကို မြန်မာအစိုးရများ ကြောက်လန့်နေခြင်းပင်ဖြစ်သည်။
ငြိမ်းချမ်းရေးကို စစ်ခေါင်းဆောင်များမှ မလိုလားပါ။ ငြိမ်းချမ်းရေးသည် စစ်ခေါင်းဆောင်များနှင့် တပ်မတော်သားမျာအတွက် အလုပ်လက်မဲ့ ဖြစ်စေမည်။ စစ်ပွဲများ မရှိပါက တပ်မတော်အင်အား နှင့် တပ်မတော်စီးပွားရေးကို ကြီးမားစေရေးအတွက် ၄င်းတို့လုပ်ဆောင်နိုင်မည် မဟုတ်ပေ။ သမိုင်းကြောင်းတလျောက် လေ့လာသိရှိခဲ့ရသည်မှာ ငြိမ်းချမ်းရေး မရှိသည့်မြန်မာနိုင်ငံသည် ကမ္ဘာတွင် ဆင်းရဲဆုံးနိုင်ငံ အဖြစ်သို့ ရောက်ရှိရုံသာမက ဗမာလူမျိုးများအပါအဝင် တိုင်းရင်းသားလူမျိုးများအားလုံး ဒုက္ခပင်လယ်ဝေခဲ့ရပေသည်။
မင်းသုတ