တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ် ရေး- ထားဝယ်ကားလမ်းမပေါ်တွင် ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင့် ကားရာနှင့်ချီ ပိတ်မိမှုဖြစ်ပွားခဲ့သည်ဟု ဒေသခံနှင့် ယာဥ်မောင်းတို့ထံမှ သိရသည်။
ရေဖြူမြို့နယ် ရေး- ထားဝယ်ကားလမ်းမပေါ်တွင် ဖေဖော်ဝါရီလ ၁၂ ရက် ညနေ ၃ နာရီအချိန်ခန့်က စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။
တိုက်ပွဲကြောင့် ရန်ကုန်ဘက်မှ လာသည့်ကားများကို ၂၅ မိုင်တွင်လည်းကောင်း၊ ထားဝယ်ဘက်မှ လာသည့် ကားများကို ၁၉ မိုင်ဝန်းကျင်တွင်လည်းကောင်း စစ်ကောင်စီတပ်က ဖြတ်သန်းခွင့်မပေးဘဲ ပိတ်ဆို့ထားသည့်အတွက် ကားရာနှင့်ချီ ပိတ်မိခဲ့သည်ဟု ဒေသခံတို့က ပြောသည်
“တိုက်ပွဲက နှစ်ဖက်လုံး အပြန်အလှန်ပစ်ခတ်သံတွေဆူနေတာဘဲ၊ လမ်းတွေကို စစ်တပ်ကပိတ်လိုက်တော့ ကားတွေက အတန်းလိုက်ကြီး ညနဲ့ချီတယ်၊ ဒီမနက်တော့ ကားတွေပြန်ဖြတ်ခွင့်ပေးလိုက်ပြီ၊ လမ်းတစ်လျှောက်ကားတွေ အတော်ကို ပိတ်မိနေတာဘဲ” ဟု ၄င်းဒေသခံက ဆက်ပြောသည်။
တိုက်ပွဲသည် ညနေ ၆ နာရီကျော်သည်အထိ ဆက်ဖြစ်နေသည့်အတွက် ကားများ ဖြတ်သန်းမရဘဲ ဖေဖော်ဝါရီ ၁၃ ရက် နံနက်ပိုင်းမှသာ ဖြတ်သန်းခွင့်ပြုသည်ဟု ကားသမားတို့ထံမှ သိရသည်။
“ကားတွေက မနက်ပိုင်းမှာ သွားခွင့်ပြုလုပ်ပေမဲ့ စစ်ဆေးတောတွေ အတန်းလိုက်ပိတ်မိနေတာနဲ့ ခရီးကမတွင်ဘူး၊ကားတွေမှ ကြပ်နေတာဘဲ လမ်းဖွင့်လိုက်တာတောက် အခုထိ ကြပ်နေတုန်းဘဲ၊ အတော်ဒုက္ခရောက်တယ်” ဟု ကားသမားတစ်ဦးက ဆိုသည်။
အဆိုပါ တိုက်ပွဲဖြစ်စဥ်အသေးစိတ်ကို မသိရသေးကြောင်းနှင့် ယနေ့နံနက်ပိုင်းတွင် ကားများ ဖြတ်သန်းသွားလာခွင့်ပြုလိုက်ကြောင်း ဒေသခံတို့က ပြောသည်။
ရေဖြူမြို့နယ် ရေး-ထားဝယ်ကားလမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့အကြား ပစ်ခတ်မှုဖြစ်ပွားလေ့ရှိသည့်အပြင် စစ်ကောင်စီယာဥ်တန်းတိုက်ခိုက်ခံရသည့်ဖြစ်သည့်ဖြစ်စဥ်လည်း မကြာခဏဖြစ်ပွားလေ့ရှိသည်။