မွန်ပြည်နယ်၊ ရေးခရိုင် ဒုစရိုက်နှိမ်နင်းရေးခေါင်းဆောင် ဒုရဲမှူးလှိုင်မင်းသန့်ကို ရေးပြောက်ကျားတပ်ဖွဲ့(YGF) က မိုင်းဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ဒုရဲမှူးလှိုင်မင်းသန့်သည် အောင်သုခရပ်ကွက်၊ အုန်းတောအစုသို့ ရောက်လာတက်ကြောင်းသတင်းအရ ဇန်နဝါရီ ၁၁ ရက်နေ့ ည ၈ နာရီအချိန်ခန့်က စောင့်ဆိုင်းပြီး တိုက်ခိုက်ခဲ့သည်ဟုလည်း ထုတ်ပြန်ထားသည်။
ပြည်သူတွေကို လက်နက်ပြ၊ အနိုင်အကျင့်၊ ခြိမ်းခြောက်ငွေညှစ်ပြီး ဗိုလ်ကျနေသော ဒုစရိုက်နှိမ်နင်းရေးခေါင်းဆောင် ဒုရဲမှူး လှိုင်မင်းသန့်အား မိုင်းဖြင့်ဖောက်ခွဲ ရှင်းလင်းခဲ့သည်ဟု ရေးပြောက်ကျားတပ်ဖွဲ့ ပြောဆိုထားသည်။
သို့သော်လည်း ဒေသခံတို့က မိုင်းဖောက်ခွဲတိုက်ခိုက်ခံရမှုကြောင့် ဒုရဲမှူး လှိုင်မင်းသန့် သေဆုံးမှု ရှိ မရှိဆိုတာကိုတော့ အတိအကျမသိဘူးလို့ ဆိုသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၉ ရက်နေ့က လမိုင်းမြို့က စစ်ကောင်စီ ရဲသတင်းတပ်ဖွဲ့မှ ရဲအုပ်ညီညီဝင်းကိုလည်း ရေးပြောက်ကျားတပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့သေးသည်။
မွန်ပြည်နယ်၊ ရေးမြို့နယ် နှစ်ကရင်ကျေးရွာ ရဲစခန်းနှင့် ကြိုးတံတားကျေးရွာရှိ တပ်စခန်းကို ရေးပြောက်ကျားတပ်ဖွဲ့ (YGF) က ဇန်နဝါရီ ၁၁ ရက်နေ့ နံနက် ၁ နာရီအချိန်ခန့်က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင့် ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၉ ရက်နေ့ကလည်း လမိုင်းမြို့က စစ်ကောင်စီ ရဲသတင်းတပ်ဖွဲ့မှ ရဲအုပ်တစ်ဦးကို ရေးပြောက်ကျားတပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့သေးသည်။
ရေးပြောက်ကျားတပ်ဖွဲ့သည် ရေးမြို့နယ်အတွင်းက စစ်ကောင်စီလက်အောက်ခံ စခန်းတွေ၊ ဌာနဆိုင်ရုံးတွေကို ပစ်ခတ်တိုက်ခိုက်နေသည့်အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ကောင်စီထောက်တိုင်တွေကိုလည်း မကြာခဏ ပစ်ခတ်ရှင်းလင်းလေ့ရှိသည်။