မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဒိုက်ဝန်းကွင်းရပ်ကွက်၊ လမ်းသစ်ရပ်တွင် ဆိုင်ကယ်ဘတ္ထရီအားသွင်းရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ရပ်ကွက်နေသူတို့ထံမှ သိရသည်။
ဒီဇင်ဘာလ ၆ ရက်နေ့ နံနက် ၄ နာရီ မိနစ် ၂၀ အချိန်ခန့်က အားသွင်းထားသော ဘတ္ထရီ ပေါက်ကွဲရာမှ မီးလောင်မှု စတင်ဖြစ်ပွားခဲ့ကြောင်း ဒိုက်ဝန်းကွင်းရပ်ကွက်နေ ကိုမျိုးသန့်က ပြောသည်။
“ဘတ္ထရီ အားသွင်းရာကနေ ပေါက်ပြီး မီးလောင်တာ ဂိုထောင်ထဲက ကားရော အိမ်ရော အကုန် လောင်ကုန်တာ မီးငြိမ်းတာ တစ်နာရီလောက်ကြာသွားတယ်”ဟု ၎င်းက ပြောသည်။
နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မီးလုံးဝငြိမ်းနိုင်ခဲ့ပြီး ဘေးအိမ်များ မီးကူးစက်လောင်ကျွမ်းမှုမရှိအောင် ထိန်းနိုင်ခဲ့ကြောင်းလည်း ဆက်ပြောသည်။
မီးလောင်မှုဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာ ရရှိခြင်းမရှိသော်လည်း နှစ်ထပ်အိမ်အပါအဝင် ကားနှင့် မော်တော်ဆိုင်ကယ် ပျက်စီးဆုံးရှုံးခဲ့ကြောင်း နီးစပ်သူတစ်ဦးက ပြောသည်။
“ဂိုထောင်က ကားရော ဆိုင်ကယ်ရော မီးလောင်သွားတယ်။ အိမ်က အပေါ်ထပ် အောက်ထပ် မီးကူးတယ်။ ပစ္စည်းတွေတော့ အကုန်ဆုံးရှူံးသွားတယ်”ဟု ၎င်းက ပြောသည်။
မီးလောင်မှုကို မီးသတ်ဦးစီးဌာန၏ မီးသတ်ယာဉ်များ၊ ကယ်ဆယ်ရေးအဖွဲ့ဝင်များ၏ ရေသယ်ယာဉ်များနှင့် ရပ်ကွက်နေပြည်သူတို့က ဝိုင်းဝန်းငြိမ်းသပ်ခဲ့ကြသည်ဟု သိရသည်။