လွတ်လပ်သော မွန်သတင်းအေဂျင်စီ
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဖားကပိုကျေးရွာအနီးတွင် အောက်တိုဘာလ (၁၇) ရက်နေ့ မွန်ပြည်သစ် မော်လမြိုင်ခရိုင်တပ်ဖွဲ့ နှင့် ဓားရှည်ကိုင်ဆောင်သောအဖွဲ့ ကြား တိုက်ခိုက်မှု ပစ်ခတ်မှု ဖြစ်ပွားပြီး လူသေဆုံးမှု ရှိကြောင်း သိရသည်။
ယင်းဖြစ်စဉ်တွင် မွန်ပြည်သစ်ပါတီ မော်လမြိုင်တပ်ဖွဲ့ မှ နယ်မြေလုံခြုံရေးအတွက် ဓားရှည်ကိုင်ဆောင်သောအဖွဲ့ နှင့် တွေ့ ဆုံဆွေးနွေးရာ အဖွဲ့နှစ်ဖွဲ့ အကြား အဆင်မမြေမှု ဖြစ်ပွားပြီး ဓားရှည်ကိုင်ဆောင်သောအဖွဲ့က မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင် တပ်ဖွဲ့ ဦးဆောင်သူအား ဓားနှင့် ခုတ်သတ်ရာမှ ပြန်ပစ်ခဲ့ပြီး ဓားရှည်အဖွဲ့ ဘက်မှ သေဆုံးမှု ဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရရှိသူလည်းရှိသည်။
ဓားရှည်ကိုင်ဆောင်သောအဖွဲ့သည် လူအင်အား (၂၀) ကျော်ဖြင့် လွန်ခဲ့သော (၂/၃) နှစ်ကပင် ဖွဲ့စည်းထူထောင်ခဲ့ပြီး (ဖားကပို) ကျေးရွာပတ်ဝန်းကျင်တွင် နေထိုင်သွားလာလှုပ်ရှားလျှက်ရှိသည်။

မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင်မှ ၎င်းတို့ အုပ်ချုပ်ရေးဒေသအတွင်း အခြေချသွားလာရေးကိစ္စအတွက် ဓားရှည်ကိုင်ဆောင်သောအဖွဲ့ကို သတိပေး ပြောဆိုမှု ရှိခဲ့ဖူးသည်ဟု ဒေသခံမှ သိရသည်။
ဤဖြစ်စဉ်နှင့် ပတ်သက်ပြီး “တစ်ဖက်နှင့် တစ်ဖက် မျက်နှာချင်းဆိုင်ပြီး တွေ့ဆုံဆွေးနွေး အဖြေရှာမယ်ဆို အကောင်းဆုံးဖြစ်တယ်လို့” ဒေသခံတစ်ဦးက ပြောဆိုထားပါသည်။
သို့ ပေမယ့် ဖြစ်စဉ်အတွင်း ထိခိုက်သေဆုံးမှုများကို လွတ်လပ်သောမွန်သတင်းအေဂျင်စီအနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။
ထိုသို့ အောက်တိုဘာလ ၁၇ ရက်နေ့ တွင် ပစ်ခတ်မှုကြောင့် လမ်းသွားလမ်းလာ မွန်အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရခဲ့ကြောင်း သိရသည်။ အေသက် ၂၉ နှစ်အရွယ် အမည်မဖော်လိုသူ မွန်အမျိုးသားသည် ၎င်း၏ ခြံသို့ သွားစဉ် တိုက်ပွဲမှကျည်မှန်ကာ လက်ဖျံ၌ ကျည်ထိမှန်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ အမျိုးသားသည် ကျိုက်ထိုမြို့နယ် ကျောက်ပုံကျေးရွာသားဖြစ်ပြီး ကျည်ထိမှန်ဒဏ်ရာမှာ မစိုးရိမ်ရတော့ကြောင်း ကူညီဆောင်ရွက်ပေးခဲ့သူတစ်ဦးက ဆိုသည်။
” သူက ခြံထဲကိုသွားရင်းနဲ့ ကျည်ထိလာတာ။ ဘယ်ဘက်လက်မှာပေါ့။အခုတော့ မစိုးရိမ်ရတော့ပါဘူး။ဘယ်အဖွဲ့တွေလဲဆိုတာတော့အခုထိ မသိရသေးဘူး” ဟု ပြောသည်။
အောက်တိုဘာလ အစောပိုင်းမှစပြီး ကြာအင်းဆိပ်ကြီးမြို့ပေါ်နှင့် အနီးနားကျေးရွာများတွင် ပစ်ခတ်မှုများ၊ တိုက်ပွဲများ နေ့စဉ်ဖြစ်ပေါ်လျက်ရှိသည်။
အောက်တိုဘာလ ၁၆ ရက်နေ့နှင့် ၁၇ ရက်နေ့တွင် ကြာအင်းဆိပ်ကြီးမြို့နယ် ကေအဲန်ယူ တပ်မဟာ ၆ နယ်မြေအတွင်း၌လည်း စစ်တပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားခဲ့သေးသည်။
မွန်ပြည်သစ် မော်လမြိုင်ခရိုင်နှင့် ဓားရှည်ကိုင်ဆောင်သောအဖွဲ့သည် ပထမဆုံးအကြိမ် အခင်းဖြစ်ပွား ပစ်ခတ်ခြင်းဖြစ်သည်ဟု သိရှိရသည်။